ကျွန်မတို့ဆီမှာ ခရစ်စမတ်ရောက်ဖို့ နာရီပိုင်းပဲလိုပါတော့တယ်။ ဒီက လူအများစုကတော့ ခရစ်စမတ်သစ်ပင် အောက်မှာ မိသားစုနဲ့ တပျော်တပါး လက်ဆောင်တွေ ဖွင့်ကြမှာပေါ့လေ။ ကိုယ့်လိုပဲ မိသားစုနဲ့ ဝေးပြီး ခရစ်စမတ်ပွဲတော်ကို မသိမသာ ကျော်ဖြတ်ကြရတဲ့ လူတွေလည်း ရှိမှာပါ။ ခရစ်ယာန်မဟုတ်ပေမယ့် ပွဲတော်ရက် အနေနဲ့ သူသူငါငါ လက်ဆောင်တွေ အပြန်အလှန်ပေးကြတဲ့ ဒီက ဓလေ့တွေထဲမှာ ကျွန်မလည်း သူငယ်ချင်း မိတ်ဆွေတွေကို လက်ဆောင်တွေ ပေးဖြစ်ပါတယ်။ ကျေးဇူးတင် ခင်မင်ကြောင်း အမှတ်တရပေါ့လေ။ လက်ဆောင် တွေမှာ တန်ဖိုးနည်းတာ များတာထက် ပွဲတော်အနေနဲ့ စားကြသောက်ကြ ပျော်ကြတာမို့ အရက်ပုလင်း၊ ၀ိုင်ပုလင်းတွေ လက်ဆောင် ပေးကြတာ များပါတယ်။ ၀ိုင်မ သောက်တတ်တဲ့သူ တွေအတွက်ကတော့ ချောကလက်တို့ တခြား စားစရာတို့ ပါပါတယ်။ ရုံးမှာလည်း လက်ဆောင်ဖလှယ်ကြတာ ပျော်စရာ အရမ်းကောင်းပါတယ်။ အဲဒီနေ့က Absolut Vodka တစ်ပုလင်း လက်ဆောင် ရခဲ့တယ်။ အဲဒီလိုနဲ့ လက်ဆောင်ရတဲ့ ပုလင်းတွေကို ရေခဲသေတ္တာပေါ် တင်တင်ထားတာ မနည်းတော့ဘူး။ တစ်ခါတစ်လေလည်း လက်ဆောင် ပြန်ပေးတဲ့အခါပေး၊ သူငယ်ချင်းတွေနဲ့ သောက်မယ်လို့ ချန်ထားလိုထားပေါ့လေ။ တခြား လက်ဆောင်လေးတွေကတော့ ရင်ထိုးလေးတွေ၊ ချောကလက်၊ Lotion တွေ များပါတယ်။ ဒီနှစ် ကျွန်မကတော့ သူငယ်ချင်းမိန်းကလေးတွေကို Anti-bacterial Hand Lotion ပုလင်းလေးနဲ့ သိုးမွှေးခြေအိတ် ထူထူလေးတွေ ပေးလိုက်ပါတယ်။ အထက်လူကြီးတွေကို သူများတွေကတော့ ၀ိုင်ပုလင်းတွေ ဘာတွေ ပေးကြတယ်။ ကျွန်မက အဲဒီလိုပေးရင် ဖားတယ်လို့ မြင်လို့ ကိုယ့်လည်း အထင်မခံချင်တာကြောင့် မြန်မာလက်မှုပစည်းလေးတွေပဲ ပေးဖြစ်ပါတယ်။ မိတ်ဆွေတစ်ချို့ကတော့ လိုချင်တာလေးတွေကို wish list စာရင်းလုပ်ထားပြီး ကြေညာထားကြတယ်။ လိုချင်တာကိုသိတော့ ပေးခွင့်ရသူရော လက်ခံရသူပါ နှစ်ဦးနှစ်ဖက် စိတ်ချမ်းသာကြတာပေါ့နော်။
ဒီနှစ် ဘာလိုချင်ပါသလဲလို့
ဟန်နီ က တက်ဂ်ထားပါတယ်။ သူကိုယ်တိုင်ကတော့ သတ္တိတွေ လိုချင်ပါသတဲ့။ ကျွန်မကတော့ ဒီနှစ်ထဲမှာ ကိုယ်ပိုင်အချိန်နည်းပြီး အလုပ်တွေ မတရားများလွန်းလို့ နောက်နှစ်မှာ ကိုယ်ပိုင်အချိန်လေးတွေ ပိုများများလိုချင်ပါတယ်။ ဒါမှ စိတ်ချမ်းသာမယ့် အလုပ်လေးတွေ ပိုလုပ်နိုင်မှာ မဟုတ်လား။ ဟန်နီ့လိုပဲ သတ္တိတွေလည်း လိုချင်ပါတယ်။ ကိုယ်ကျန်းမာ စိတ်ချမ်းသာရတဲ့ ၂၀၁၀ကို ကိုယ်တိုင်တင်မက မိသားစုမိတ်ဆွေ ချစ်ခင်သူတွေ အားလုံးပိုင်ဆိုင်ရစေချင်ပါတယ်။
ခရစ်စမတ်မှာ အားလုံး အန္တရာယ်ကင်းစွာ ပျော်ရွှင်နိုင်ကြပါစေ။
Read More...
Collapse...
အနိုင်မခံ
“ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမှောင်မိုက်တွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးဆိုပါ၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုတ်တွင်းသို့ ကျရောက်နေရသော်လည်း ငါကား မတုန်လှုပ်၊ မငိုကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ညွှတ်ကား မညွှတ်။
ဤဒေါသ လောဘတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ ငန့်လင့်လျက်ရှိ၏။ သို့သော် ငါကား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည့်ဖြစ်စေ၊ ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်။”
မြန်မာ့သမိုင်းနဲ့တကွ မြန်မာ့ဒီမိုကရေစီအရေးနဲ့ ရင်းနှီးတဲ့သူတွေအားလုံးနီးပါး ဒီကဗျာလေးကို ရင်းနှီးပြီးသားဖြစ်ကြမှာပါ။ ဗိုလ်ချုပ်အောင်ဆန်း (အဲဒီအချိန်က အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း) အိုးဝေမဂ္ဂဇင်း အတွဲ (၆) အမှတ်(၁)ရဲ့ အယ်ဒီတာ့ ခေါင်းကြီးမှာ ရေးသားခဲ့တဲ့ စာလေးဖြစ်ပါတယ်။ ဒီစာ ကြောင်းလေးတွေဟာ တိုသလောက် လူတွေရဲ့ စိတ်ထဲမှာ စွဲနေခဲ့စေလောက်အောင် အင်အား ပြင်းထန်တဲ့ စကားလုံးတွေပါ။ ဗိုလ်ချုပ်အောင်ဆန်းရေးခဲ့စဉ်က အင်္ဂလိပ်တွေရဲ့ မတရားမှုတွေကို အနိုင်မခံဖို့ ရည်ရွယ်ချက်နဲ့ ရေးခဲ့တာ ဖြစ်ကောင်းဖြစ်ပေမယ့် ကျွန်မတို့ မြန်မာ့သမိုင်းကြောင်းအစဉ်အဆက် မှာတော့ အဖိနှိပ်ခံနေရသ၍ ဒီစကားလုံးတွေက တရားမျှတမှုရရှိရေးမှာ ကြံ့ကြံ့ခံနိုင်ဖို့အတွက် အင်အားဖြစ်စေနေခဲ့ပါတယ်။ (ကျွန်မငယ်ငယ်က အဲဒီကဗျာလေး ကို မှတ်စု စာအုပ်လေးထဲမှာ ကူးရေးထားပြီး “ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ညွှတ်ကား မညွှတ်” ဆိုတဲ့ စာကြောင်းကို မြင်တိုင်း ဦးခေါင်းကို မော့ထား တဲ့ ခွပ်ဒေါင်း ကိုပဲ ပြေးမြင်မိနေခဲ့တယ်။ ကျွန်မတို့ခေတ် မျိုးဆက်တွေရဲ့ မတရားမှုတွေကို အနိုင်မခံဘူးဆိုတဲ့ သင်္ကေတက ခွပ်ဒေါင်းပဲ မဟုတ်လား။) ဒီကဗျာလေးကို စကြားဖူးကာစက ဗိုလ်ချုပ် အောင်ဆန်း ရေးခဲ့တာလို့ပဲ ထင်ခဲ့မိ တယ်။ နောက်မှ ဒီကဗျာလေးဟာ အင်္ဂလိပ် ကဗျာဆရာကြီး William Ernest Henly ရေးခဲ့တဲ့ Invictus ဆိုတဲ့ ကဗျာဆိုတာ သိခဲ့ရပြီး အင်္ဂလိပ်ရော မြန်မာလိုပါ နှစ်မျိုးလုံးကို စွဲစွဲလမ်းလမ်း မကြာခဏ ပြန်ဖတ်ခဲ့ပါတယ်။ အင်္ဂလိပ်လို မူရင်း ကဗျာကိုလည်း ပြန်လည် ဖော်ပြလိုက်ပါတယ်။ လက်တင်ဘာသာခေါင်းစဉ်ရှိတဲ့ "Invictus"ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန် ဆိုခဲ့သလို အနိုင်မခံလို့ အဓိပ္ပါယ်ရပါတယ်။ ရေးသူ ကဗျာဆရာကြီးဟာ ငယ်စဉ်ကတည်းက ဝေဒနာမျိုးစုံ ခံစားခဲ့ရသူမို့ ဘ၀ကပေးတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရင်း ဒီကဗျာကို ဆေးရုံကုတင်ပေါ်က ရေးခဲ့တာဖြစ်ပါတယ်။ ကဗျာကို အသံနေ အသံထားနဲ့ ဖတ်ပြထားတဲ့ Youtube က videoလေးကို စိတ်ဝင်စားရင်
ဒီမှာ ကြည့်နိုင်ပါတယ်။
"Invictus" by William Ernest Henley; 1849-1903 Out of the night that covers me, Black as the Pit from pole to pole, I thank whatever gods may be For my unconquerable soul. In the fell clutch of circumstance I have not winced nor cried aloud. Under the bludgeonings of chance My head is bloody, but unbowed. Beyond this place of wrath and tears Looms but the Horror of the shade, And yet the menace of the years Finds and shall find me unafraid. It matters not how strait the gate, How charged with punishments the scroll I am the master of my fate: I am the captain of my soul. မိမိကိုယ်ကို ယုံကြည်ချက်အပြည့်အ၀ရှိဖို့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ စိတ်အင်အားပေးတဲ့ အကောင်းဆုံး ကဗျာတွေကို ညွှန်းပါဆိုရင် ဒီကဗျာနဲ့ Rudyard Kipling ရဲ့ "If" ကဗျာတို့ဟာ ထိပ်ဆုံးက ကဗျာတွေပါ။ ဒီနေ့ "Invictus" ဆိုတဲ့ ရုပ်ရှင်ကို သွားကြည့်ဖြစ်ရင်း ဒီကဗျာလေးအကြောင်းကို သတိတရ ရေးချင်စိတ်ဖြစ်လာလို့ ဒီပို့စ်ကိုရေးဖြစ်တာပါ။ ရုပ်ရှင်ကတော့ Clint Eastwood ဒါရိုက်တာလုပ်ပြီး Morgan Freeman, Matt Damon တို့ ပါဝင် သရုပ်ဆောင် ထားကြပါတယ်။ သတင်းစာရေးဆရာ John Carlin ရေးခဲ့တဲ့ "Playing the enemy: Nelson Mandela and the Game that Made a Nation" ဆိုတဲ့ စာအုပ်ကို အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်း ကျောရိုးကတော့ ၁၉၉၅ခုနှစ် ၀န်းကျင်က တောင်အာဖရိကနိုင်ငံမှာ Nelson Mandela သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးကာစ အချိန်မှာ နှစ်ပေါင်းမြောက်မြားစွာ လူဖြူလူမည်း အသားအရောင် ခွဲခြားခြင်းခံလာရတဲ့ လူထုကို အားကစားနဲ့ ပြန်လည်ညီညွတ်မှုပေးခဲ့နိုင်တဲ့ အဖြစ်အပျက် ပါ။ တောင်အာဖရိကနိုင်ငံဟာ အသားအရောင်ခွဲခြားခြင်းကို နှစ်ပေါင်း ကြာရှည်စွာ ခံစားခဲ့ရတဲ့ နိုင်ငံဖြစ်ပါတယ်။ ကိုလိုနီခေတ်က အရင်းခံလာတဲ့ တောင်အာဖရိကနေ လူဖြူတွေက နယ်မြေခံ လူမည်း တွေကို ဖိနှိပ်ချုပ်ချယ်လာခဲ့ကြပြီး လူမည်းတွေက သူတို့ အခွင့်အရေးတွေပြန်ရဖို့အတွက် အချိန်အတော်ကြာ တိုက်ပွဲဝင်ခဲ့ ကြရတာပါ။ အဲဒီလို တိုက်ပွဲဝင်ခဲ့ကြတဲ့ ခေါင်းဆောင်တွေထဲမှာ Nelson Mandela ကတော့ လူသိ အများဆုံးပေါ့။ Mandela ဟာ နှစ်ပေါင်း ၃၀နီးပါး Robben Islandပေါ်က အကျဉ်းထောင်မှာ အကျဉ်းကျ ခံလာရပြီး ၁၉၉၀မှာမှ ထောင်က လွတ်လာခဲ့ပါတယ်။ ထောင်က ထွက်တာနဲ့ အသားအရောင်ခွဲခြားမှုတွေ ရပ်စဲဖို့နဲ့ တောင်အာဖရိကနိုင်ငံမှာ လူမည်းအများစု ပါဝင်မဲပေးနိုင်တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ ကြိုးပမ်းလုပ်ကိုင်ခဲ့ရာမှာ ၁၉၉၄ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတ အဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံခဲ့ရပါတယ်။ အဲဒီအချိန်ဟာ ပြောင်းလဲလာတဲ့ တိုင်းပြည် အတွက် အရေးကြီးတဲ့ အချိန်ဖြစ်သလို ခေါင်းဆောင်ဖြစ်လာတဲ့ Mandela နဲ့တကွ အာဖရိကန် အမျိုးသား ကွန်ဂရက် ပါတီအတွက် အင်မတန် အရေးကြီးတဲ့ အချိန်ပါ။ အဖိနှိပ်ခံခဲ့ရတဲ့ လူမည်းတွေရဲ့ ဆန္ဒတွေ နဲ့ ဖိနှိပ်ခဲ့ကြသူ လူဖြူတွေရဲ့ တန်ပြန်မှုကို စိုးရိမ်ကြောက်ရွံ့ခြင်းတွေ ကြီးမားနေချိန်မို့ အစိုးရသစ်ရဲ့ လက်အောက်မှာ လူဖြူလူမည်း အတူ လက်တွဲအလုပ်လုပ်ကြရာမှာတောင် အခက်အခဲတွေ အများကြီး ရှိခဲ့ကြပါတယ်။
လူမျိုးရေး တင်းမာမှုတွေကြားမှာ ပြန်လည်ရင်ကြားစေ့ရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးစားနေတဲ့ Mandela အတွက် တစ်နိုင်ငံလုံး စိတ်ဝင်စားတဲ့ Rugby အားကစားက ပြည်သူလူထု ပြန်လည် ညီညွတ်လာစေဖို့ များစွာ အထောက်အကူဖြစ်စေခဲ့ပါတယ်။ ခုန်နေတဲ့ သမင်ပုံ တံဆိပ်နဲ့ တောင်အာဖရိကနိုင်ငံရဲ့ Rugby ဘောလုံး အသင်း Springboks ဟာ တောင်အာဖရိကလူဖြူလူမျိုးအသင်းဝင်တွေအများစု ပါဝင်ပြီး လူဖြူ တွေကို ကိုယ်စားပြုခဲ့တာမို့ နယ်မြေခံ လူမည်းတွေက အားမပေးခဲ့ကြပါဘူး။ ၁၉၉၅ခု ကမ္ဘာ့ဖလား Rugby ဘောလုံး ပြိုင်ပွဲကို တောင်အာဖရိကနိုင်ငံမှာ ကျင်းပဖို့ ဖြစ်လာတဲ့အခါမှာ Mandela ဟာ Springboks အသင်းရဲ့ ခေါင်းဆောင် Francois Pienaar နဲ့တွေ့ခဲ့ပါတယ်။ နိုင်ငံရဲ့ ကိုယ်စားပြုအသင်းကို လူဖြူတွေသာမက လူမည်း တွေပါ အားလုံးက အတူတကွ အားပေးလာကြရင်၊ တောင်အာဖရိကအသင်းသာ ကမ္ဘာ့ဖလားပွဲမှာသာ နိုင်ခဲ့ရင် ပြည်သူလူထုထဲက လူဖြူလူမည်း ဆက်ဆံရေး တင်းမာမှုတွေ လျော့နည်းလာပြီး ပြန်လည် ညီညွတ်လာစေနိုင်မယ်လို့ ယုံကြည်တဲ့ Mandelaဟာ သူ့ရဲ့ယုံကြည်ချက်ကို ဘယ်လို အကောင်အထည်ဖော်ခဲ့တယ်ဆိုတာကို ဒီ Invictus ရုပ်ရှင်မှာ ဆက်လက် ကြည့်နိုင်ပါတယ်။
တောင်အာဖရိကနိုင်ငံရဲ့ အဖိနှိပ်ခံဘ၀က လွတ်မြောက်ရေး ကြိုးပမ်းမှုတွေဟာ ကိုယ့်တိုင်းပြည်က ကြိုးပမ်းမှု တွေနဲ့ အင်မတန် နီးစပ်တာမို့ ဒီရုပ်ရှင်ကို ကြည်ရတာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တိုင်းပြည်ပြန်လည် တည်ဆောက်တဲ့ အချိန်မှာ ရန်သူမိတ်ဆွေခွဲခြားမနေဘဲ ပြည်သူတွေဟာ တသွေးတသားထဲဖြစ်နေဖို့ လိုကြောင်း၊ တိုင်းပြည်ကောင်းကျိုးအတွက် ပြည်သူလူထုအားလုံးဟာ မိမိတို့အလုပ်ကို အကောင်းဆုံးကြိုးစားကြဖို့လိုကြောင်း၊ ပြည်သူအများ စိတ်ဝင်စားတဲ့ အားကစားဟာ အသုံးချတတ်ရင် တိုင်းပြည်အကျိုးဖြစ်စေနိုင်ကြောင်းတွေနဲ့ ရန်သူအပေါ် သဘောထားကြီးခြင်းကို စံနမူနာပြရင်း ပြည်သူကို မေတ္တာနဲ့ အုပ်ချုပ်ပြတဲ့၊ ခေါင်းဆောင်အသစ်ပေါ် ယုံကြည်မှုအပြည့်အ၀မရှိသေးတဲ့ ပြည်သူလူထုကို စည်းရုံးသွေးစည်းပေးနိုင်ခဲ့တဲ့ ခေါင်းဆောင်ကောင်းရဲ့ စရိုက်တွေကို ဇာတ်လမ်းထဲက ပေးတဲ့အဓိက အကြောင်းအရာတွေလို့ မြင်မိပါတယ်။ စာဖတ်သူတို့ ဒီရုပ်ရှင်သွားကြည့်ရင်လည်း တစ်နေ့ကျ တို့တိုင်းပြည်လည်း အဲဒီလို အခြေအနေဖြစ်လာခဲ့ရင်ဆိုတဲ့ အတွေးတွေကို မရဘဲမနေလောက်ပါဘူး။ လွတ်မြောက်သွားပြီဖြစ်တဲ့ တောင်အာဖရိကနိုင်ငံနဲ့ မလွတ်မြောက်သေးတဲ့ မြန်မာနိုင်ငံမှာ မတူညီတဲ့ အချက်တွေထဲက တစ်ချက်ကတော့ တောင်အာဖရိကနိုင်ငံမှာ လူဖြူတွေက ဖိနှိပ်သူတွေဖြစ်ပြီး လူမည်းတွေက အဖိနှိပ်ခံခဲ့ကြရသူတွေဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာကတော့ မြန်မာလူမျိုးတွေကပဲ ကိုယ့်လူမျိုးကို ပြန်ဖိနှိပ်နေတာမို့ ပိုတောင် ရင်နာစရာကောင်း ပါတယ်။ တစ်ဖက်ကလည်း ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန်ဆိုရေးခဲ့တဲ့ အနိုင်မခံ ကဗျာဟာ မြန်မာလူမျိုးအချင်းချင်း အဖိနှိပ်ခံရသူတွေအတွက် အားဆေးတစ်ခွက် ဖြစ်နေရတယ်ဆိုတာ ဗိုလ်ချုပ်များသိရင် ၀မ်းနည်းလေမလား မတရားမှုမှန်သမျှ လက်မခံတဲ့ မြန်မာတွေအတွက် ဂုဏ်ယူဝမ်းသာနေမလား စဉ်းစားမိတယ်။ ဒီ Invictus ကဗျာလေးကတော့ လူသားတွေ ဘ၀ အခက်အခဲတွေ ကျော်လွှားဖို့အတွက် စိတ်အင်အားတွေ ဆက်လက်ပေးစွမ်းနေမှာ အသေအချာပါပဲ။
Read More...
Collapse...
ကင်းဗတ်စ်တစ်ချပ် နောက်ခံအရောင်တွေ နုလှပေမယ့် စုတ်ချက်တွေက ကြမ်းတလှည့် နုတလှည့် ဆေးရောင်တွေက တောက်တလှည့် ဖျော့တလှည့် အလင်းတွေက မှောင်တလှည့် လင်းတလှည့် ပန်းချီဆရာ့လက် သွက်တလှည့် နှေးတလှည့် ဆန်းကြယ်တဲ့ ပန်းချီကား ဘာဆေးနဲ့များ ဆွဲပါသလဲတဲ့ စိတ်ရောင်စုံကို မျက်ရည်နဲ့ဖျော် ကံစုတ်တံစေရာရေးလို့ ဆွဲသူကိုယ်တိုင် ဘယ်တော့ ပြီးမယ် မသိတယ် လွမ်းသူ့ ပန်းချီပဲ။ရွှေဂျမ်း ၁၁.၂၉.၂၀၀၉
Read More...
Collapse...
စားဖို့အတွက် အလုပ်လုပ်ကြရသတဲ့ အစားတစ်လုပ်အတွက် နေ့နေ့ညည အလုပ်တွေလုပ်ကြ စားလိုက်ကြ သောက်လိုက်ကြ အောင်ပွဲတွေ ခံလိုက်ကြ တရေးနိုးထတော့ အလုပ်တွေ ပိုလုပ်လိုက်ကြ စားကြသောက်ကြ .................... ဒီလိုနဲ့ ကုန်လာတဲ့ အချိန်တွေ ပြန်ကြည့်လိုက်တော့ ..အလို.. အလုပ်က ငါ့ကို ပြန်စားနေပြီ။
ကျွန်မ အလုပ်များနေတယ်လို့ ပြောပြောနေတာ ကြာတောင်နေပါပြီ။ အလုပ်က နားရက်လေး ရနိုးရနိုးနဲ့ နေလာလိုက်တာ လနဲ့သာ ချီလာတယ် ခုထိ သေသေချာချာ ခွင့်မယူနိုင်သေးဘူး။ မိုးလင်းကနေ မိုးချုပ် အလုပ်နဲ့အိမ်ကလွဲလို့ ဘာမှမလုပ်နိုင် ဘယ်မှ မသွားနိုင်တာ တော်တော် ကြာခဲ့ပါပြီ။ တခါတလေ စနေနေ့ တောင် အလုပ်သွားလုပ်ရတတ်သေးတယ်။ နားဦးလေ တို့ ဟောလီဒေးမသွားဘူးလားတို့ ဗကေးရှင်း ယူဦးလေ တို့ ပြောရင် မချိပြုံးပြုံးရုံကလွဲလို့ ဘာမှပြန်မပြောတော့ပါဘူး။ ရုံးမှာ system conversion တစ်ခု လုပ်ထားခါစမို့ ဘယ်သူမှ ဗကေးရှင်းလည်း မသွားနိုင် ခွင့်ယူဖို့တောင် အနိုင်နိုင်ဖြစ်နေကြပါတယ်။ အရေးထဲ စီးပွားရေးကျပ်တည်းတဲ့ ကာလ မို့ အကူထပ်ခေါ်ခန့်ဖို့ကလည်း ဘတ်ဂျက်မရှိကြပြန်ပါဘူး။ အဲဒီအခြေအနေထဲမှာ တာဝန်ယူတတ်တဲ့လူတွေက ပိုပင်ပန်းနေကြပြီး အချိန်တန် ၅နာရီဒေါင်ဆို အိမ်ပြန်ရမှဆိုတဲ့ လူတွေကလည်း ပြန်ဆဲပါပဲ။ အလုပ်ကို စိတ်အားလူအားထည့်ပြီး လုပ်တတ်တဲ့ ကျွန်မလည်း လူရော စိတ်ပါ တော်တော်ကို ပင်ပန်းနေပါပြီ။ အလုပ်လောဘကြီးတာကိုးလို့ ပြောရင် ကြီးချင်လို့ ကြီးတာမဟုတ်ဘူးဟေ့ လို့ ပြန်ပြောလိုက်ချင်ပါတယ်။ တစ်ရက်ခွင့်ယူလိုက်ရင် ပုံနေတဲ့ အလုပ်တွေက မနည်းဘူးမို့ ခွင့်ယူဖို့တောင် ခပ်ကြောက်ကြောက်ဖြစ်နေပါတယ်။ ကိုယ့်အတွက်လည်း သူများက ၀င်ကူ လုပ်ပေးရအောင်လည်း သူတို့ ဘာသာ သူတို့တောင် အနိုင်နိုင်ဖြစ်နေကြတာမို့ ဘယ်သူ့ကိုမှ တာဝန်ပို မပေးချင်တာလည်း ပါပါတယ်။ ရုံးနဲ့ အိမ် အိမ်နဲ့ရုံးကြားမှာ ပတ်ဝန်းကျင်က သဘာဝအလှတွေလည်း မခံစားနိုင်၊ စာလည်း မရေးနိုင်မဖတ်နိုင်၊ ပန်းချီလည်း မဆွဲနိုင်၊ လုပ်ချင်တာတွေ မလုပ်နိုင် ဖြစ်နေတာ ကြာလာတော့ မွန်းကျပ်လာ ပါတယ်။ တစ်ခါတလေ ရုံးကပြန်လာရင် မောလွန်းလို့ အီးမေးလ်မစစ်၊ ဖုန်းမကိုင်နဲ့ ဆက်သွယ်မှု ဧရိယာ ပြင်ပကို တမင်ကို ထွက်ထွက်နေမိတတ်လာတယ်။ ထီပေါက်ရင် အလုပ်ထွက်မယ်ဆိုပြီး mega millions jackpotများ ပေါက်လေမလားလို့ ထီလည်း အပါတ်စဉ် ထိုးနေ ပါတယ်။ (ထီပေါက်မှ အလုပ်ထွက်ပြီး ကမ္ဘာတစ်ပတ် ခရီးထွက် လျှောက်လည်ပစ်လိုက်မယ်။ :P ) အလုပ်ရဲ့ ကျွန်ဖြစ်လာနေတဲ့ ကိုယ့်ကိုယ်ကို သတိပေးရင်း ဒီကဗျာလေးကို ရေးမိလို့ ဒီပို့စ်ကို တင်ဖြစ်တာပါ။ ခင်မင်ရတဲ့သူများကို မနှုတ်ဆက်မိ မနှုတ်ဆက်နိုင်သေးရင် ခွင့်လွှတ်စေချင်ပါတယ်။
ဘလော့မိတ်ဆွေများကို သတိရလျှက် -
အလုပ်ကျွန်ဘ၀က ရုန်းထွက်ရန် ကြိုးစားနေသော ရွှေဂျမ်း
Read More...
Collapse...
ဘာဂါတွေ ပီဇာတွေ ဘယ်လိုစားစား အချိန်တန်တော့ အိမ်ထမင်းဟင်းနဲ့ မုန့်ဟင်းခါးကို တောင့်တမိတာ အမြဲပဲ။ ဘောင်းဘီ စကတ်တွေ ဘယ်လိုဝတ်ဝတ် အချိန်တန်တော့ ကချင်လုံချည်တစ်ထည် ၀တ်ရတာလောက် ဂုဏ်မယူမိတာ အမှန်ပါ။ လှပတဲ့ ကမ်းရိုးတန်းနဲ့ ၀မ်းအိုဝမ်းလမ်းကို ဘယ်လောက်သွားသွား အချိန်တန်တော့ အညာလမ်းဘေးက တောင်တန်းတွေကို လွမ်းမိပြန်တယ်။ ရေဒီယို စီဒီ သီချင်းတွေ ဘယ်လိုများများ အချိန်တန်တော့ တမ်းတမိတာ ဆည်းလည်းသံ ဖြစ်ဖြစ်နေတယ်။ မရောက်ဖူးတဲ့နေရာတွေ ဘယ်လို သွားသွား အေးချမ်းတဲ့ ရွှေတိဂုံဘုရားရိပ်ဆီကို ပြေးသွားလိုက်ချင်တယ်။ လုံခြုံ တဲ့ အိမ်ထဲမှာ ပြည့်စုံစွာ နေနိုင်ပေမယ့် အချိန်တန်တော့ ဖယောင်းတိုင်မီးရောင်အောက်က မိသားစုစကားဝိုင်းတွေကို သတိရနေမိတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တာကို အင်မတန်ဂုဏ်ယူတဲ့ အမေ့သမီးလေ .... ကမ္ဘာအနှံ့ ခရီးဆန့်နေနိုင်လည်း အချိန်တန်ရင်တော့ အိမ်ပြန်ချင်တယ် အမေ။မှတ်ချက် - ၀မ်းအိုဝမ်း = 101 အိမ်ကို လွမ်းလို့ ရေးမိတာလေးပါ။ မအားလို့ ဘာမှ အသစ်လည်း မရေးနိုင်၊ မိတ်ဆွေများနဲ့လည်း စကားမပြောနိုင်တာ ခွင့်လွှတ်ပါ။ တက်ဂ် ထားတာကို ခုထိ မရေးပေးရသေးလို့ အမ မခင်မင်းဇော်ကိုလည်း တောင်းပန်ချင်ပါတယ်။
Read More...
Collapse...