ဒီနေ့ မာတင်လူသာကင်းနေ့ ရောက်ပြန်ပါပြီ။ ဒီ၂၀၀၉ခုနှစ် မာတင်လူသာကင်းနေ့ဟာ ၄၄ယောက်မြောက် အမေရိကန်သမ္မတ အိုဘားမားရဲ့ ကျမ်းကျိမ်ပွဲအခမ်းအနားနေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် ကပ်လျက်ကျတာမို့ ထူးခြားတယ်လို့လည်း ပြောနိုင်ပါတယ်။ ပြည်သူ့အခွင့်အရေးတွေ တရားမျှတမှုတွေအတွက် တိုက်ပွဲဝင်ခဲ့တဲ့ မာတင်လူသာကင်းကို ဒီနေ့ရောက်တိုင်း အမေရိကန်နိုင်ငံရဲ့ ပြည်နယ်အနှံ့အပြားမှာ ဂုဏ်ပြုတဲ့ အခမ်းအနားတွေ ကျင်းပကြပါတယ်။ မတရားမှုတွေကို တိုက်ပွဲဝင်ခဲ့သူရဲ့ သမိုင်းဝင် ဒီပေးစာ အခန်းဆက်ကို မနှစ်က ဒီနေ့ မာတင်လူသာကင်းနေ့ကတည်းက စရေးခဲ့တာပါ။ အကြောင်းကြောင်းကြောင့် အဆုံးသတ်ကို ဆက်မရေးဖြစ်ခဲ့တာ ဒီနှစ် မာတင်လူသာကင်းနေ့ ရောက်မှပဲ မဖြစ်မနေ တင်ဖြစ်အောင် တင်လိုက်ပါတယ်။ အခန်းဆက်ဆိုပြီး အချိန်မီတင်မပေးနိုင်ခဲ့တဲ့အတွက် စာဖတ်သူတွေကို မလေးစားရာ ရောက်သလို ဖြစ်သွားခဲ့ရင်လည်း ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါရစေ။ (ဘာသာပြန်ခနဲ့ပဲ ထမင်းစားရမယ်ဆိုလည်း ရွှေဂျမ်းတစ်ယောက် ထမင်းငတ်တာ ကြာလှပြီ ထင်ပါတယ်။) အခန်းဆက်ကို အဆက်ပြတ်သွားတဲ့ သူတွေ အတွက်နဲ့ ပထမအပိုင်းတွေကို မဖတ်ရသေးတဲ့သူတွေအတွက် အပိုင်း (၁)က (၄)ကိုလည်း လင့်ခ်တွေ ပြန်တင်ပေးထားပါတယ်။ ဘာမင်ဟမ်ထောင်မှ ပေးစာ (၃)
ဘာမင်ဟမ်ထောင်မှ ပေးစာ (၄)
....................................................................
ဘာမင်ဟမ်ထောင်မှ ပေးစာ (၅)
ကြားနေ လူဖြူတွေ ဒါကိုမြင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်ကပဲ သိပ်အကောင်းမြင်တတ် တာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သိပ်မျှော်လင့်ရာကျတာလည်း ဖြစ်နိုင်ပါတယ်။ အဖိနှိပ်ခံလူမျိုးတွေရဲ့ နာကျင်ညည်းတွားသံတွေကို ခံစားနားလည် ပေးနိုင်တဲ့ ဖိနှိပ်သူ အခြားလူမျိုးစုဝင်တွေ နည်းတယ်ဆိုတာရယ်၊ မတရားမှုတွေကို ခိုင်မာမြဲမြံတဲ့လုပ်ရပ်တွေနဲ့ အမြစ်လှန်ပစ်ရမယ်ဆိုတဲ့ အမြင်ရှိတဲ့လူက ပိုလို့တောင် နည်းသေးတယ်ဆိုတာတွေရယ်ကို ကျွန်တော် သိထားပြီး ဖြစ်သင့်တာပါ။ ဒါ့ကြောင့်လည်း တချို့သော လူဖြူ ညီအစ်ကို သွေးချင်းတွေဟာ ဒီလူမှုတော်လှန်ရေးကြီးရဲ့ အနှစ်သာရကို နားလည်သဘောပေါက်ပြီး ပါဝင် လက်တွဲလာကြတဲ့အတွက် ကျွန်တော် ကျေးဇူးတင်လှပါတယ်။ ပါဝင်လက်တွဲလာတဲ့ အရေအတွက် နည်းသေးပေမယ့် အရည်အသွေးပမာဏ ကြီးမားလှပါတယ်။ Ralph McGill, Lillian Smith, Harry Golden နဲ့ James Dabbs တို့လို လူတွေက ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုကို နားလည်မှုရှိရှိ၊ အပြောအဟော ကောင်းကောင်းနဲ့ နိမိတ်ဖတ်တဲ့အလား ရေးသားပေးကြပါတယ်။ တစ်ချို့ကလည်း တောင်ပိုင်းရဲ့ အမည်မဲ့ လမ်းမတွေပေါ်မှ ကျွန်တော်တို့နဲ့ အတူ ချီတက်လမ်းတွေ လျှောက်ခဲ့ကြပါတယ်။ သူတို့ကို ညစ်ညစ်ပတ်ပတ် အမည်းတွေကို ချစ်တဲ့ ကောင်တွေလို့ ခေါ်တဲ့ ကြမ်းတမ်း ရက်စက်တဲ့ ရဲတွေရဲ့ ညှင်းပန်းနှိပ်စက်တာတွေကို ခံရင်း ညစ်ပတ်ဆိုးရွားပြီး ပိုးဟပ်တွေတောင် ပြေးလွှားနေတဲ့ ထောင်တွေထဲမှာ ဆင်းရဲဒုက္ခတွေ ခံစားခဲ့ကြတယ်။ ကြားနေနေကြတဲ့ လူဖြူအစ်ကိုအစ်မတွေနဲ့ မတူတာကတော့ သူတို့ဟာ ယခုကာလရဲ့ အရေးကြီးပုံနဲ့ လူမျိုးရေးခွဲခြားမှုဆိုတဲ့ ရောဂါဆိုးကြီးကို တိုက်ဖျက်ဖို့ရာ အင်အားရှိတဲ့ လှုပ်ရှားမှုဆိုတဲ့ ဖြေဆေး အင်မတန်လိုအပ်ပုံတို့ ကို ကောင်းကောင်း နားလည်သဘောပေါက်ကြတာပါပဲ။
ကျွန်တော် စိတ်ပျက်ရတဲ့ တခြားအကြောင်းတစ်ခုကိုလည်း ပြောပြပါရစေ။ အဲဒါကတော့ လူဖြူ အသင်းတော် နဲ့ သူတို့ရဲ့ ခေါင်းဆောင်မှုကို ကျွန်တော် အင်မတန်မှ စိတ်ပျက်မိတဲ့ အကြောင်းပါပဲ။ ဒီနေရာမှာ အသိအမှတ်ပြုရမယ့် ချွင်းချက်တွေတော့ ရှိပါတယ်။ အခုလိုပြောတဲ့အတွက် ဒီလှုပ်ရှားမှုမှာ သင်တို့ရဲ့ အရေးပါတဲ့ ရပ်တည်မှုတွေကို ကျွန်တော်က မသိကျေးကျွန်လုပ်တဲ့ သဘောမျိုး မဟုတ်ပါဘူး။ သိက္ခာတော်ရ ဆရာ Stallings ဆိုရင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နီဂရိုးတွေကို ဘုရားကျောင်းမှာ လူမျိုးအသားအရောင် မခွဲခြားပဲ လာရောက်ဝတ်ပြုဆုတောင်းဖို့ ကြိုဆိုခဲ့လို့ ကျွန်တော် ချီးကျူးပါတယ်။ ကက်သလစ် ခေါင်းဆောင်တွေကိုဆိုလည်း စပရင်းဟီးလ် ကောလိပ်ကို မကြာသေးမီ နှစ်များကစပြီး တန်းတူရည်တူ လက်ခံခွင့်ပေးလိုက်လို့ ချီးကျူးပါတယ်။
ဒီလို သတိပြုရမယ့် ချွင်းချက်တွေရှိပေမယ့်လည်း အသင်းတော်ကို ကျွန်တော် စိတ်ပျက်မိတယ်ဆိုတာ ရိုးသားစွာ ထပ်ပြောလိုပါတယ်။ ဒီလိုပြောတဲ့နေရာမှာ အသင်းတော် ဘာလုပ်လုပ် အမြဲ အပြစ်ရှာထောက်ပြတဲ့ ဝေဖန်ရေးသမားတွေ ပြောသလို ကျွန်တော် ပြောတာ မဟုတ်ပါဘူး။ အသင်းတော်နဲ့ ခရစ်ယာန်ကျမ်းလာ တရားတော်တွေကို ချစ်တဲ့၊ တရားတော်ရဲ့ ရင်ခွင်မှာ ပြုစုပျိုးထောင်ခံလာ ရတဲ့၊ ကောင်းချီးတွေကြောင့် အားတက်ခဲ့ရတဲ့၊ အသက်ရှင်သ၍ တရားတော်အပေါ်မှာ သစ္စာရှိမယ့်သူ ဘာသာရေးခေါင်းဆောင် တစ်ယောက်အနေနဲ့ ပြောရခြင်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မောင့်ဂိုမရီမြို့က ဘတ်စ်ကားတွေကို သပိတ်မှောက်ဆန္ဒပြတဲ့ပွဲမှာ ကျွန်တော့်ကို ခေါင်းဆောင်အဖြစ် တင်မြှောက်ခံရတုန်းက လူဖြူအသင်းတော်ရဲ့ အားပေးထောက်ခံမှုကို ရလိမ့်မယ်လို့ ကျွန်တော့်စိတ်ထဲမှာ ထူးထူးဆန်းဆန်း ထင်မှတ်နေမိခဲ့တယ်။ တောင်ပိုင်းက လူဖြူ ဘုန်းတော်ကြီးတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ ကျွန်တော်တို့ဘက်က မားမားမတ်မတ် ထောက်ခံမယ့် မဟာမိတ်တွေလို့ ကျွန်တော် ခံစားခဲ့မိပါတယ်။ တကယ်တမ်းကျတော့ တစ်ချို့က လွတ်မြောက်ရေး လှုပ်ရှားမှုကို နားလည်ဖို့ ငြင်းဆန်ပြီး လှုပ်ရှားမှုရဲ့ ခေါင်းဆောင်တွေကို မှားယွင်းစွာ တင်ပြရင်း လုံးဝ ဆန့်ကျင်ကြတယ်။ တစ်ချို့တော်တော်များများကျတော့လည်း ဆေးရောင်စုံမှန်ပြတင်းတွေရဲ့ နောက်ကွယ်မှာ သတ္တိရှိဖို့ နေနေသာသာ သတိနဲ့ ဆိတ်ဆိတ်နေခဲ့ကြပါတယ်။
အဲဒီအတိတ်မှာတုန်းက ကျွန်တော့် မျှော်လင့်ချက် အိမ်မက်တွေ ကွဲကြေခဲ့ရပေမယ့် လူဖြူဘာသာရေး ခေါင်းဆောင်တွေဟာ ကျွန်တော်တို့ လှုပ်ရှားမှုရဲ့ တရားမျှတမှုတွေကို လေးလေးနက်နက် နားလည်၊ ကျွန်တော်တို့ရဲ့ နစ်နာချက်တွေကို အာဏာပိုင် အဆင့်ဆင့်ဆီ ရောက်အောင် သယ်ဆောင်ပေးမယ့် လမ်းကြောင်းအဖြစ်လည်း ဆောင်ရွက်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်တော် ဒီတစ်ခါ ဘာမင်ဟမ်ကို ရောက်လာခဲ့ပါတယ်။ သင်တို့တွေ နားလည်ကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ခဲ့မိတယ်။ ဒါပေမယ့် ဒီတစ်ခါလည်း ကျွန်တော် စိတ်အပျက်ကြီး ပျက်ခဲ့ရပါတယ်။
တောင်ပိုင်းရဲ့ ဘာသာရေးခေါင်းဆောင်တွေက သူတို့ဆီလာ ၀တ်ပြုသူတွေကို အသားအရောင် မခွဲခြားကြဖို့ ဆုံးဖြတ်ချက်ကို ဥပဒေတစ်ရပ်မို့ လိုက်နာကြပါလို့ တိုက်တွန်းကြတာ ကြားရပေမယ့် ကျွန်တော် တကယ်ကြားချင်တာက လူဖြူ ဘုန်းတော်ကြီးတွေကိုယ်တိုင် ညီညွတ်ပူးပေါင်းရေးဟာ လူကျင့်ဝတ်နဲ့ ညီလို့၊ နီဂရိုးတွေဟာလည်း သွေးချင်းတွေမို့လို့ဆိုတဲ့ တိုက်တွန်းတာကိုပါ။ ပေါ်ပေါ်တင်တင် မတရားမှုတွေကို နီဂရိုးတွေကောင်းကောင်း ခံစားခဲ့ရတဲ့ ချိန်တွေမှာ လူဖြူဘုရားကျောင်းတွေဟာ ဘေးမှာ ရပ်ကြည့်နေကြသလို မဆိုင်တာတွေ သူတော်ကောင်းယောင်ဆောင် အရေးမပါမှုတွေနဲ့ဟန်ပြ ၀င်ပြောတယ်ဆိုရုံမျှ ပြောခဲ့ကြတာ တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လူမျိုးရေးနဲ့ စီးပွားရေး မတရားမှုတွေကို ပယ်ဖျောက်ဖို့ ကြိုးစားတဲ့ ဒီလှုပ်ရှားမှုကြီးမှာလည်း `ဒါတွေဟာ လူမှုရေး ပြဿနာတွေမို့ ဘာသာရေးကျောင်းတော်အနေနဲ့ ဘာမှ မသက်ဆိုင်ဘူး´ လို့ ဘုန်းတော်ကြီးတွေ မကြာခဏပြောတာကိုလည်း ကြားခဲ့ရပေမယ့် ဘုရားကျောင်း တော်တော်များများဟာ ၀ိညာဉ်တွေ ခန္ဓာတွေကို ခွဲခြားတဲ့ တခြား ဘာသာတွေကိုကျ ပါဝင်နေကြတာလည်း တွေ့ရပါတယ်။
ရှိရင်းစွဲ အခြေအနေတွေကို နေသားကျနေတဲ့ ဘာသာရေး အသင်းဝင်အုပ်စုကြီးနဲ့အတူ နှစ်ဆယ်ရာစုကို ကုန်လွန်ဖြတ်သန်းနေကြတဲ့ အချိန်မှာ ကျွန်တော်တို့ ဘာသာရေးခေါင်းဆောင်များဟာ အသင်းဝင်တွေကို ရှေ့က နေ တရားမျှတရာကို မီးမောင်းထိုး ဦးဆောင်လမ်းပြလုပ်ရမယ့် အစား နောက်ဆုံးက မီးသာသာလောက်သာ ရပ်တည်နေခဲ့ပါတယ်။
ကျွန်တော်ဟာ အယ်လာဘားမား၊ မစ်စစ္စပီ နဲ့ တောင်ပိုင်းပြည်နယ် အနှံ့အပြားကို ခရီးတွေ ဆန့်ခဲ့ပါတယ်။ ပူပြင်းတဲ့ နွေရက်တွေရော၊ အေးလှတဲ့ ဆေင်းမနက်တွေမှာပါ လှပတဲ့ ဘုရားကျောင်းတွေနဲ့ ကောင်းကင်ဘုံကို ညွှန်ပြနေတဲ့ ဘုရားကျောင်း ခေါင်ချွန်ချွန်တွေကိုလည်း ကြည့်ခဲ့ရပါတယ်။ ကြီးမားကျယ်ပြန့်လှတဲ့ ကျမ်းစာသင်ကျောင်း အဆောက်အအုံတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါတွေကို မြင်ပြီးတဲ့နောက်မှာ ကျွန်တော့်ကိုယ်ကျွန်တော် မကြာ ခဏပြန်မေးခဲ့ဖူးပါတယ်။ ဒီနေရာတွေမှာ ဘယ်သူတွေ ၀တ်ပြုကြသလဲ။ သူတို့ရဲ့ ဘုရားဟာ ဘယ်သူလဲ။ ပြည်နယ်အုပ်ချုပ်ရေးမှူး ဘားနက်ရဲ့ ပါးစပ်က တရားမ၀င်ကြေငြာချက်တွေ ထွက်လာတဲ့အခါမှာ သူတို့ရဲ့ အသံတွေ ဘယ်ရောက်နေကြလဲ။ ပြည်နယ်အုပ်ချုပ်ရေးမှူး ဝေါလေ့စ် က အမိန့်ဖီဆန်ဖို့နဲ့ မုန်းတီးရေးတွေကို ပြောင်စိန်ခေါ်လိုက်တဲ့ အချိန်မှာ သူတို့ ဘယ်ရောက်နေလဲ။ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ နီဂရိုး အမျိုးသား အမျိုးသမီးတွေ ရှိတဲ့အခြေအနေတွေကို တင်းတိမ်နေရတဲ့ အမှာင်ထုထဲကနေ ဆန္ဒပြပွဲတွေရှိရာ အလင်းရောင်ထဲကို တိုးထွက်လာကြတဲ့ အချိန်မှာ သူတို့တွေရဲ့ အားပေးသံတွေ ဘယ်ရောက်နေကြလဲ လို့ပါ။
ဟုတ်ပါတယ်။ အခုအချိန်ထိလည်း ကျွန်တော့ စိတ်ထဲမှာ ဒီမေးခွန်းတွေ ရှိနေဆဲပါ။ အသင်းတော်ရဲ့ လျော့ရဲမှုတွေကို စိတ်ပျက်မိလွန်းလို့ ကျွန်တော် ငိုတောင် ငိုမိပါတယ်။ ကျွန်တော့်ရဲ့ မျက်ရည်တွေဟာ အသင်းတော်ကို ထားတဲ့ မေတ္တာကြောင့်ကျတဲ့ မျက်ရည်တွေဆိုတာတော့ ယုံပါ။ လေးလေးနက်နက်ကို မေတ္တာမရှိရင် ခုလို နက်နက်ရှိုင်းရှိုင်း စိတ်ပျက်မိတာမျိုး မရှိနိုင်ပါဘူး။ ကျွန်တော် အသင်းတော်ကို အင်မတန်ချစ်ပါတယ်။ အသင်းတော်ဘုရားကျောင်းရဲ့ အထွတ်အမြတ်နံရံတွေကိုလည်း ချစ်ပါတယ်။ မချစ်ပဲရော ဘယ်လိုလုပ်နေနိုင်မှာလဲ။ ကျွန်တော့်ရဲ့ အဘိုး၊ အဖိုး၊ အဖေတွေ အားလုံးဟာ တရားဟော ဆရာတွေ ချည်းပါပဲ။ အသင်းတော်ကို ယေရှုရဲ့ ခန္ဒာလို့ကို ကျွန်တော် မြင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာ လူမှုရေး ဥပေက္ခာပြုမှုတွေ၊ လမ်းရိုးမလိုက်သူ အခေါ်ခံရမှာ ကြောက်မှုတွေနဲ့ အဲဒီ အထွတ်အမြတ်ထားရာ ခန္ဒာကို အစွန်းအထင်း အနာရွတ်တွေ ထင်စေခဲ့ကြပြီ။
တစ်ချိန်တုန်းက အသင်းတော်ဟာ အင်မတန် အင်အားတောင့်တင်းခဲ့ပါတယ်။ အဲဒါဟာ ရှေးဦး ခရစ်ယာန်တွေ ယုံကြည်ရာအတွက် အနစ်နာခံရတာကိုပဲ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြတဲ့ ခေတ်အခါကပါ။ အဲဒီအချိန်တုန်းက အသင်းတော်ဟာ ခေတ်စားနေတဲ့ အတွေးအခေါ် အယူအဆတွေကို မှတ်တမ်းတင်ရုံသာတင်တဲ့ အပူချိန်တိုင်းကိရိယာသာသာ မဟုတ်ခဲ့ပါဘူး။ အပူချိန်ထိန်းချုပ်စက်လို လူ့အဖွဲ့အစည်းကို ရှေ့ဆောင် ပြောင်းလဲပေးတာပါ။ ရှေးဦး ခရစ်ယာန်တွေ ရောက်သွားတဲ့ မြို့ရွာတိုင်းမှာ အာဏာဖွဲ့စည်း တည်ဆောက်ပုံတွေကို ပြောင်းလဲမှုတွေ သက်ရောက်စေတာမို့ ငြိမ်းချမ်းရေးကို နှောင့်ယှက်သူ၊ အပြင်လူတွေအဖြစ် အမည်တပ်ပြီး အပြစ်ပေးတာတွေတောင် ခံခဲ့ကြရပါတယ်။ ဒါပေမယ့် သူတို့တွေဟာ လူတွေစကားထက် ဘုရားရဲ့စကားကို နားထောင်တဲ့ ကောင်းကင်ဘုံသားများအနေနဲ့ ပြစ်ဒဏ်ကို ခံယူခဲ့ကြပါတယ်။ လူအရေအတွက်အားဖြင့် နည်းပေမယ့် လေးလေးနက်နက် နှစ်မြုပ်ဆောင်ရွက်ခဲ့ကြတာပါ။ သူတို့ဟာ ဘုရားကို ယုံကြည်မှုတွေ ပြည့်ဝနေလို့ ခြိမ်းခြောက်ခံရတိုင်းလည်း မကြောက်ခဲ့ကြပါဘူး။ သူတို့ကြောင့် ရှေးခေတ်က ကလေးသတ်တဲ့ ဓလေ့တွေ၊ သတ်ဖြတ်ဖျော်ဖြေမှုတွေလို မကောင်းမှုတွေ ပျောက်ကွယ်ခဲ့ရတာပါ။
အခုတော့ အခြေအနေတွေက မတူတော့ပါဘူး။ အခုခေတ် အသင်းတော်ဟာ မသေချာ မရေရာတဲ့ အသံတွေနဲ့ အားပျော့လှပါတယ်။ ရှိရင်းစွဲအခြေအနေတွေကိုသာ အားပေးသူပဲ ဖြစ်နေတာ များပါတယ်။ အသင်းတော်ကြောင့် ပြောင်းလဲမှုဖြစ်စေဖို့ နေနေသာသာ အသင်းတော်ရဲ့ အခုလို ဆိတ်ဆိတ်နေမှုတွေဟာ အာဏာဖွဲ့စည်းပုံအဆင့်ဆင့်ကို နှစ်သိမ့်ပေးသလိုတောင် ဖြစ်နေပါသေးတယ်။
ဒါပေမယ့် ဘုရားရဲ့ အကဲဖြတ်မယ့်အချိန်က အသင်းတော်အပေါ် ယခင်ကထက် ပိုတောင် ရောက်လို့နေပါပြီ။ ယနေ့ အသင်းတော်ဟာ ရှေးယခင်အသင်းတော်ရဲ့ စွန့်လွှတ်အနစ်နာခံတတ်တဲ့ အနှစ်သာရတွေကို ပြန်လည် မသိမ်းယူနိုင်ခဲ့ရင် စစ်မှန်တဲ့ ဂိုဏ်းအဖြစ်ကို လက်လွှတ်ဆုံးရှုံးရပါလိမ့်မယ်။ သန်းပေါင်းများစွာရဲ့ သစ္စာရှိမှုကို လည်း ဆုံးရှုံးရပါလိမ့်မယ်။ နှစ်ဆယ်ရာစုရဲ့ အနှစ်သာရမရှိ အရေးမပါတဲ့ လူမှုရေး ကလပ်သာသာ အဖြစ်ကို ရောက်ရှိရပါလိမ့်မယ်။ တစ်နေ့တစ်နေ့ အသင်းတော်ကို စိတ်ပျက်တဲ့ လူငယ်တွေတိုးတိုးလာတာကို တွေ့ရတာ အင်မတန်ကို စိတ်ပျက်စရာ ကောင်းလှပါတယ်။
ဒီတစ်ခါလည်း ကျွန်တော် အကောင်းမြင်လွန်းမိပြန်ပြီ ထင်ပါတယ်။ စနစ်တကျ ဖွဲ့စည်းထားတဲ့ ဘာသာရေးတစ်ခုဟာ ကျွန်တော်တို့ တိုင်းပြည်နဲ့ ကမ္ဘာကို ကယ်တင်ဖို့တောင် ရှိရင်းစွဲအခြေအနေတွေကနေ ရုန်းမထွက်နိုင်တဲ့ အနေအထားဖြစ်နေပြီလား။ ကျွန်တော့်ရဲ့ ယုံကြည်မှုတွေကို အသင်းတော်ထဲက တကယ့် ဓမ္မနဲ့ ကမ္ဘာအတွက် မျှော်လင့်ချက်ရှိရာကို ပြောင်းရလိမ့်မယ်ထင်ပါတယ်။ ဒါပေမယ့် လူကို တုံ့ဆိုင်းစေတဲ့ ထုံးတမ်းစဉ်လာ နှောင်ကြိုးတွေကနေ ပြတ်လွင့်ထွက်လာပြီး လွတ်မြောက်ရေး လှုပ်ရှားမှုကြီးမှာ တက်တက်ကြွကြွ လက်တွဲလာကြတဲ့ မြင့်မြတ်သူတွေအတွက်လည်း ဘုရားကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ သူတို့ဟာ သူတို့ ၀တ်ပြုနေကျ ဘုရားကျောင်းတွေကို ထားခဲ့ပြီး ကျွန်တော်တို့နဲ့အတူ ဂျော်ဂျီယာပြည်နယ်က အယ်ဘေနီမြို့ရဲ့ လမ်းတွေပေါ်မှာ လျှောက်ခဲ့ကြတယ်။ လွတ်လပ်ခွင့်အတွက် တောင်ပိုင်းရဲ့ အဝေးပြေးလမ်းမကြီးတွေက ကားတွေပေါ်မှာ အနှိပ်စက်ခံရင်း ဖြတ်သန်းခဲ့ကြတယ်။ ဟုတ်ပါတယ်။ တစ်ချို့ဆို ကျွန်တော်တို့နဲ့အတူ ထောင်ထဲတောင် အတူ ၀င်ခဲ့ကြပါတယ်။ တစ်ချို့ကို သူတို့ရဲ့ ဘုရားကျောင်းတွေက လက်မခံတော့တာတွေ၊ သူတို့ ဘုန်းတော်ကြီးတွေရဲ့ အားပေးပံ့ပိုးမှု မရတော့တာတွေ ခံခဲ့ကြရပါတယ်။ ဒါပေမယ့် သူတို့ဟာ မှန်ကန်တဲ့ ရှံးနိမ့်သူဟာ ယုတ်ညံ့ဆိုးရွားတဲ့ အောင်မြင်သူထက် ကြီးမြတ်တဲ့ဆိုတဲ့ ယုံကြည်မှုကို ခိုင်ခိုင်မာမာ လက်ကိုင်စွဲရင်း ရှေ့ဆက်ခဲ့ကြတယ်။ သူတို့ဟာ ဒီပြိုင်ပွဲရဲ့ အဖုအထစ်တွေထဲမှာ ဆေးတစ်ခွက်လိုပါပဲ။ သူတို့ရဲ့ မျက်မြင်အတွေ့အကြုံဟာ တရားတော်ရဲ့ အနှစ်သာရ အစစ်အမှန်ကို မပျောက်ပျက်အောင် ထိန်းသိမ်းပေးထားတဲ့ ဘာသာရေးဆားလို့ အခုလို အခက်အခဲတွေ ကြုံတွေ့နေရတဲ့ အချိန်မှာ တင်စားခေါ်ရပါလိမ့်မယ်။ သူတို့ဟာ စိတ်ပျက်ဖွယ် အမှောင်အမိုက်တောင်တွေထဲမှာ မျှော်လင့်ချက် ဥမင်ကို တူးဖောက်ပေးလိုက်သူတွေပါ။
ခုလို အရေးပါလှတဲ့ အချိန်ရဲ့ စိန်ခေါ်မှုတွေကို အသင်းတော်တစ်ခုလုံးအနေနဲ့ အောင်မြင်စွာ ကိုင်တွယ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမယ့် အသင်းတော်အနေနဲ့ တရားမျှတမှုဘက်က အထောက်အကူအဖြစ် ပါဝင်မလာဘူးဆိုရင်တောင် အနာဂါတ်အတွက် ကျွန်တော် စိတ်ပျက်အားလျော့နေမှာ မဟုတ်ပါဘူး။ အခု ဘာမင်ဟမ်က ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်တွေကို လောလောဆယ်မှာ အမြင်မှားတွေ ရှိနေသေးမယ်ဆိုရင်တောင် ဒီလှုပ်ရှားမှုက ရလာမယ့် ရလာဒ်တွေကို စိုးရိမ်သံသယ လုံးဝ မရှိပါဘူး။ ဘာမင်ဟမ်မှာတင်သာမက တစ်တိုင်းပြည်လုံးမှာ လွတ်လပ်ခြင်းဆိုတဲ့ ရည်မှန်းချက်ကို မလွဲမသွေ ရောက်ကို ရောက်မှာပါ။ ဘာလို့လဲဆိုတော့ အမေရိကရဲ့ ရည်မှန်းချက်ကိုက လွတ်လပ်ခြင်းဖြစ်လို့ပါပဲ။ ကျွန်တော်တို့ကို မတရား အနိုင်ကျင့်ခံရချင် ခံရမယ်၊ အရေးမစိုက်တာ ခံချင်ခံရမယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ အမေရိကရဲ့ ပန်းတိုင်နဲ့ ထပ်တူပါ။ Plymouth မြို့ကို ရွှေ့ပြောင်းအခြေချသူတွေ ရောက်မလာခင်တုန်းကတည်းက ကျွန်တော်တို့ ဒီမှာ ရှိနေခဲ့တာပါ။ သမိုင်းဝင် စာမျက်နှာပေါ်ကို လွတ်လပ်ရေးကြေညာစာတမ်းဆိုတဲ့ ဂျက်ဖာဆင်ရဲ့ မှင်စာလုံးတွေ ကျမလာခင်ကတည်းက ကျွန်တော်တို့က ဒီမှာ ရှိနေခဲ့တာပါ။ ဒီတိုင်းပြည်မှာ ကျွန်တော်တို့ရဲ့ ဘိုးဘွားဘီဘင်တွေ လုပ်အားခမရပဲ အလုပ်လုပ်ခဲ့ကြတာ နှစ်ရာစု ကျော်ခဲ့ပါတယ်။ မတရားရက်စက်မှုတွေနဲ့ အရှက်တကွဲဖြစ်အောင် လုပ်ခံရတာတွေကြားမှာ သူတို့ သခင်တွေအတွက် အိမ်တွေ ဆောက်လုပ်ပေးခဲ့ကြရပါတယ်။ ဒါပေမယ့်လည်း သူတို့ ဆက်ပြီး တိုးတက် ရှင်သန်ခဲ့ကြပါတယ်။ မပြောပြတတ်လောက်အောင် ရက်စက်တဲ့ ကျွန်စနစ်ကတောင်မှ ကျွန်တော်တို့ကို မတားဆီးနိုင်ခဲ့ရင် အခုတွေ့ရတဲ့ အတိုက်အခံလောက်ဟာ မကြာခင် ရှုံးနိမ့်ပျောက်ကွယ်သွားမှာပါ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အထွတ်အမြတ်ထားရာ အမွေအနှစ်နဲ့ ဘုရားရဲ့ အလိုဟာ ပဲ့တင်ထပ်နေတဲ့ ကျွန်တော်တို့တောင်းဆိုချက်တွေထဲမှာ သရုပ်ထင်နေတာမို့ လွတ်လပ်ရေးကို ကျွန်တော်တို့ ရမှာ အသေအချာပါပဲ။
ဒီစာကို ကျွန်တော် အဆုံးသတ်ပါ့မယ်။ ဒါပေမယ့် အဆုံးမသတ်ခင်မှာ သင်တို့ရေးတဲ့ စာထဲက ကျွန်တော့်ကို စိတ်အနှောင့်အယှက် အတော်ဖြစ်စေတဲ့ အချက်နောက်တစ်ခုကိုလည်း ပြောပြချင်ပါတယ်။ သင်တို့က ဘာမင်ဟမ်က ရဲတွေကို စနစ်တကျ ငြိမ်ဝပ်စေလို့နဲ့ အကြမ်းဖက်မှုကို ကာကွယ်ပေးလို့ လိုလိုလားလား ချီးကျူးခဲ့ကြပါတယ်။ ဒီရဲတွေရဲ့ မာန်ဖီအကြမ်းဖက်ခွေးတွေက လက်ဗလာနဲ့ အကြမ်းမဖက်တဲ့ နီဂရိုးတွေကို ရက်ရက်စက်စက် ကိုက်နေခဲ့တာတွေကိုသာ သင်တို့ မြင်ခဲ့ရရင် ဒီရဲတွေကို အခုလို လှိုက်လှိုက်လှဲလှဲ ချီးကျူးနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ မြို့ရဲ့ ထောင်ထဲမှာ နီဂရိုးတွေကို အရုပ်ဆိုး အကျည်းတန် လူမဆန်စွာ ရက်ရက်ဆက်ဆက် ဆက်ဆံကြတာတွေကို သင်တို့ကိုယ်တိုင် တွေ့ခဲ့ရရင်၊ ဒီရဲတွေ နီဂရိုး အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်လေးတွေကို ကြမ်းကြမ်းတမ်းတမ်း ဆဲဆို တွန်းတိုက်ပစ်ခဲ့တာတွေသာ သင်တို့ တွေ့ခဲ့ရရင်၊ နီဂရိုး အမျိုးသားတွေနဲ့ ယောက်ျားကလေးတွေကို ရိုက်နှက် ကန်ကျောက်ခဲ့တာတွေသာ သင်တို့ တွေ့ခဲ့ရရင်၊ ပြီးခဲ့တဲ့ အဖြစ်အပျက် နှစ်ခုမှာ ကျွန်တော်တို့က ဘုရားသခင်ရဲ့ ကျေးဇူးတော် ချီးမွမ်းစကားကို အတူဆိုချင်တဲ့အတွက် ကျွန်တော်တို့ကို အစာမကျွေးပဲ ထားခဲ့တာတွေကိုသာ သင်တို့ မြင်ခဲ့ရရင် ဒီရဲတွေကို ခုလို မြန်မြန်ဆန်ဆန် ချီးကျူးကြလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ အဲဒီလို ရဲဌာန အပေါ် သင်တို့ရဲ့ ချီးမွမ်းခန်းထဲမှာ ကျွန်တော် ၀င်မပါနိုင်တာ ၀မ်းနည်းပါတယ်။
လူအများအမြင်မှာ ဆန္ဒပြသူတွေ အပေါ် ရဲတွေရဲ့ ကိုင်တွယ်ပုံကို စည်းကမ်းတကျ ဖြစ်လာတယ်ဆိုတာ မှန်ပါတယ်။ ဒါကလည်း လူအများ အမြင်မှာ အကြမ်းမဖက်ဘူးဆိုတဲ့ သဘောပေါ့။ ဒါပေမယ့် ဒါဟာ ဘာရည်ရွယ်ချက်နဲ့လဲ။ လူလူချင်း ခွဲခြားမှုတွေကို သက်ဆိုးရှည်အောင် လုပ်ဖို့အတွက်လား။ အကြမ်းမဖက် ခြင်းနည်းမှာ ဖြောင့်မတ်စင်ကြယ်တဲ့ ရလာဒ်တွေလိုချင်ရင် သုံးတဲ့ နည်းလမ်းတွေဟာလည်း ဖြောင့်မတ် စင်ကြယ် ဖို့လိုအပ်တယ်ဆိုတာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော် အတန်တန် ဟောပြောခဲ့ဖူးပါတယ်။ မရိုးသားတဲ့ နည်းလမ်းကို သုံးပြီး လူ့ကျင့်ဝတ်တွေနဲ့ ညီတယ်ဆိုတဲ့ ရလာဒ်ကို ရယူတာ မှားယွင်းတဲ့ အလုပ်လို့ ကျွန်တော် ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးပါပြီ။ ရဲချုပ် ပရစ်ချက်က ဂျော်ဂျီယာပြည်နယ် အယ်လ်ဘေနီမှာ ရောက်နေခဲ့တာမို့ မစ္စတာ ကော်နာနဲ့ သူ့ရဲ့ ရဲတွေဟာ အများပြည်သူ အမြင်မှာ အကြမ်းမဖက်ခဲ့တာ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ လူ့ကျင့်ဝတ်နဲ့ မညီတဲ့ လူမျိုးရေး မတရားမှုတွေကို ဆက်လက်ဆုပ်ကိုင်ထားချင်လို့ လူ့ကျင့်ဝတ်သိက္ခာနဲ့ညီတဲ့ အကြမ်းမဖက်နည်းကို သုံးခဲ့ကြတာဖြစ်တယ်။ မှားယွင်းတဲ့ ရည်ရွယ်ချက် အတွက် မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်တာထက် ကြီးလေးတဲ့ သစ္စာဖောက်မှု မရှိတော့ဘူးလို့ တီ အက်စ် အဲလိယတ် ကပြောဖူးပါတယ်။
ကျွန်တော်ကတော့ ဘာမင်ဟမ် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ နီဂရိုးတွေ ကို သူတို့ရဲ့ အံမခန်း သတ္တိအတွက်၊ ဆင်းရဲဒုက္ခတွေကို လိုလိုလားလား ခံစားခဲ့တာတွေအတွက်၊ လူမဆန်စွာ ရန်စပေးခြင်းတွေ ကြားမှာ အင်မတန်ကို စည်းကမ်းရှိခဲ့ကြတာတွေအတွက် ချီးကျူးစေချင်တာပါ။ တစ်နေ့ကျရင် တောင်ပိုင်းဟာ သူ့နယ်ရဲ့ သူရဲကောင်း အစစ်အမှန်တွေကို အသိအမှတ်ပြုလာမှာပါ။ သူတို့ဟာ သတ္တိရှိပြီး ကြီးကျယ် ခမ်းနားတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြည့်စုံကြတယ်။ လှောင်ပြောင် သရော်ပြီး ရန်လိုတဲ့ လူအုပ်ကြီးတွေကို ရှေ့ဆောင်လမ်းပြတစ်ဦးပီသစွာ ရင်ဆိုင်ခဲ့ကြသလို အထီးကျန်မှုဝေဒနာတွေကိုလည်း မချိမဆံ့ ခံစားခဲ့ကြရတဲ့ ဂျိမ်းစ် မယ်ရဒစ်သ်လို လူမျိုးတွေဖြစ်ပါတယ်။ အသက်အရွယ်အိုမင်းပေမယ့် အဖိနှိပ်ခံ အနှိပ်စက်ခံခဲ့ရသူ နီဂရိုးအမျိုးသမီးကြီး တွေလည်း ပါပါတယ်။ သူတို့ကို ကိုယ်စားပြုတဲ့သူကတော့ သူမရဲ့သိက္ခာနဲ့ သူမရဲ့ လူမျိုးတွေအတွက် အသားအရောင်ခွဲခြားထားတဲ့ ဘတ်စ်ကားတွေကို မစီးဘဲ သပိတ်မှောက် ခဲ့တဲ့ အယ်လာဘားမားပြည်နယ် မောင့်ဂိုမရီမြို့က အသက် ခုနှစ်ဆယ့် နှစ်နှစ်အရွယ် အမျိုးသမီးကြီး ပဲ ဖြစ်ပါ တယ်။ သူမကို ပင်ပန်းလားလို့ မေးလာသူတစ်ယောက်ကို `ကျွန်မရဲ့ခြေထောက်က ပင်ပန်းပေမယ့် ကျွန်မရဲ့ လိပ်ပြာကတော့ အနားယူနိုင်ပါပြီ´ လို့ သဒ္ဒါမမှန်ပေမယ့် အင်မတန် သိမ်မွေ့နက်နဲတဲ့ စကားလုံးတွေနဲ့ ပြန်ဖြေခဲ့ပါတယ်။ သူရဲကောင်းတွေထဲမှာ သတ္တိရှိရှိ အကြမ်းမဖက်ပဲ ထမင်းစားကောင်တာ တွေမှာ ထိုင်ဆန္ဒပြ ခဲ့ကြတဲ့၊ မိမိတို့ အသိစိတ် လိပ်ပြာသန့်ဖို့အတွက် ထောင်ထဲကို လိုလိုလားလား ၀င်ခဲ့ကြတဲ့ အထက်တန်းနဲ့ ကောလိပ်ကျောင်းသူ ကျောင်းသား တွေ၊ အသက်ငယ်ငယ် ဓမ္မဆရာလေးတွေ၊ အသက် အရွယ်ကြီးသူ တွေလည်း ပါပါတယ်။ ဘုရားသခင်ရဲ့ အမွေဖြတ်ခံရတဲ့ ဒီသားသမီးတွေ ထမင်းစားကောင်တာ မှာ ထိုင်ဆန္ဒပြ ခဲ့ကြတာဟာ အကောင်းဆုံး အမေရိကန်အိပ်မက်နဲ့ ခရစ်ယာန်အမွေအနှစ်တွေထဲက အမြင့်မားဆုံး တန်ဖိုးတွေအတွက် မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြတယ်ဆိုတာ တစ်နေ့ကျရင် တောင်ပိုင်းပြည်နယ်တွေ သိလာရမှာပါ။ ဒါတွေဟာ ကျွန်တော်တို့ တိုင်းပြည်ကို အခြေခံဥပဒေနဲ့ လွတ်လပ်ရေး ကြေညာစာတမ်းတို့ကို ဖန်တီးပေးခဲ့သူ တိုင်းပြည်ရဲ့ဖခင်ကြီးတွေ ကိုယ်တိုင် နက်နက် တူးပေးခဲ့ကြတဲ့ ဒီမိုကရေစီရေတွင်းကြီးတွေဆီကို အရောက်သယ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။
ဒီလို ရှည်လျားလှတဲ့ စာ (စာအုပ်လို့ခေါ်ရင်တောင် ရမယ့် စာ)မျိုး ကျွန်တော် တစ်ခါမှ မရေးဖူးပါဘူး။ သင်တို့ရဲ့ အဖိုးတန်လှတဲ့ အချိန်တွေကို ယူရတာလည်း အားတော့ နားပါတယ်။ စားပွဲမှာ သက်တောင့် သက်သာထိုင်ရေးခွင့်ရမယ်ဆိုရင် ဒီစာ ဒီလောက်ရှည်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် အာမခံရဲပါတယ်။ ဒါပေမယ့် ငြီးငွေ့ချင်စရာ ထောင်ရဲ့ အခန်းကျဉ်းလေးထဲမှာ တစ်ယောက်ထဲ နေ့ညများစွာ ဖြတ်သန်းနေရသူတစ်ယောက်အတွက်တော့ စာရှည်ကြီးတွေ ရေးတာ၊ ထူးထူးခြားခြား အတွေးတွေ တွေးတာ၊ ဆုတောင်းရှည်ကြီးတွေ ဆုတောင်းတာကလွဲလို့ တခြားဘာများ လုပ်ရဦးမှာပါလဲ။
ဒီစာထဲမှာ အမှန်တရားကို ပုံကြီးချဲ့ ပြောမိတာ၊ အတန်အသင့် စိတ်မရှည်တဲ့အသံ ပေါက်မိတာ ရှိရင် ခွင့်လွှတ်ဖို့ သင်တို့ကို ကျွန်တော် တောင်းပန်ချင်ပါတယ်။ ဒီစာထဲမှာ အမှန်တရားကို လျှော့ပေါ့ ပြောမိတာရှိရင် သွေချင်းညီအစ်ကိုတွေ စည်းလုံးသင့်မြတ်ဖို့ထက် လျော့တဲ့ ရလာဒ်အတွက် စိတ်ရှည်မိရင် ကျွန်တော့်ကို ခွင့်လွှတ်ဖို့ ဘုရားသခင်ကို တောင်းပန်ချင်ပါတယ်။
ဒီစာကို ဖတ်ရလို့ ဘာသာရေးအပေါ် သင်တို့ရဲ့ ယုံကြည်မှုတွေ ပိုမို ခိုင်မာလာမယ်လို့ မျှော်လင့်ပါတယ်။ ပေါင်းစည်းရေး ခေါင်းဆောင် ဒါမှ မဟုတ် ပြည်သူ့အခွင့်အရေးခေါင်းဆောင် တစ်ယောက် အနေနဲ့ မဟုတ်ဘဲ ဘာသာရေးခေါင်းဆောင် ခရစ်ယာန် ညီအစ်ကိုတစ်ယောက် အနေနဲ့ သင်တို့ တစ်ယောက်ချင်းကို တွေ့ဖို့ အခွင့်အလမ်းတွေ မကြာခင် ရလာမယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။ မကြာခင်မှာပဲ ဒီ လူမျိုးရေး မလိုမုန်းထားမှု တိမ်မည်းတိမ်တိုက်တွေ ကြောက်စိတ်မွှန်နေတဲ့ ပြည်သူတွေဆီ ကနေ ဖြတ်ကျော်သွားကြပြီး အထင်လွဲမှု မြူမှုန်ထူတွေ ကွဲသွားမယ့်အချိန်၊ မဝေးလှတဲ့ မနက်ဖြန်တစ်နေ့မှာ မေတ္တာနဲ့ သွေးစည်းညီညွတ်ခြင်း ကြယ်စင်တွေဟာ ခမ်းနားကြီးကျယ်တဲ့ ကျွန်တော်တို့ရဲ့ တိုင်းပြည်ထက်မှာ အတောက်ပဆုံး လင်းလက်လှပနေမယ့် အချိန်ကို ကျွန်တော်တို့အားလုံး မျှော်လင့်ကြပါစို့။
ငြိမ်းချမ်းရေးနဲ့ သွေးစည်းညီညွတ်ရေးအတွက်
သင့်တို့ရဲ့
မာတင် လူသာ ကင်း ဂျူနီယာ
...................................................................
မှတ်ချက်။ ဆီလျော်အောင် ကြိုးစားဘာသာပြန်ဆိုထားခြင်း ဖြစ်သောကြောင့် အမှားအယွင်း အနည်းအများမဆို ရှိခဲ့သော် နားလည် ခွင့်လွှတ်ပေးပါရန် တောင်းပန်ပါတယ်။
(image source: http://s.wsj.net/media/mlk_blog_20080118133051.jpg)

4 comments:
မေ့ တောင် မေ့ချင်ချင်ဖြစ်နေပြီ။ အစကပြန်ဖတ်ရတော့မယ် ။ တဂျီဂျီတောင်းဆိုနေတဲ့ ဟန်နီတောင် အရှုံးပေးလိုက်တော့မှ ထတရေးနိုးတယ်။
ဘာသာပြန်သိပ်တော်တယ်။ နောက်ဆို ကိစ္စရှိရင် အကူအညီတောင်းမှ
ကျေးဇူးတင်တယ် ညီမလေးရေ..
တော်ရုံအားထုတ်မှု မဟုတ်ဘူးဆိုတာ အချိန်ရှားပါးတဲ့ လူတွေအတွက် ပိုလို့တောင် အဖိုးတန်ပါတယ်။
အေးအေးဆေးဆေး အစကအဆုံး ထပ်လာဖတ်အုံးမယ်။
စိတ်ဝင်စားလို့ သိမ်းထားချင်ပါတယ် ညီမရေ။ အချိန်ယူပြီး ဘာသာပြန်ထားတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဘာသာပြန်ထားတယ်ဆိုပေမယ့် စာရေးကောင်းတော့ တကယ်ပဲ ဖတ်လို့ကောင်းတယ်... အစအဆုံးပြန်ဖတ်သွားပါတယ်...
နောက်ကိုလည်း ဘာသာပြန်တွေရေးပါဦး :)
Post a Comment