Monday, September 29, 2008

ပြဒါးပျက်မှန်ရဲ့ အခြားတစ်ဖက်

သူက ကျွန်မကို အပြစ်တင်တယ်။

မဆေးရသေးတဲ့ ပန်းကန်တွေ ဘာလို့ထားခဲ့လဲတဲ့
မဆေးကျောရသေးတဲ့ အတွေးအမြင်တွေရဲ့ ပိုင်ရှင်က ပြောတယ်
ပြောပါစေ.. သူကိုယ်တိုင်မဆေးရပဲ ကျွန်မပဲ ဆေးကျောပေးနေကြကိုး။

မလျှော်ရသေးတဲ့ အ၀တ်တွေ ပုံနေတာပဲတဲ့
မလျှော်ဖွတ်ရသေးတဲ့ စိတ်ဓါတ်တွေရဲ့ ပိုင်ရှင်ကပြောတယ်
ပြောပါစေ.. သူကိုယ်တိုင်မလျှော်ရပဲ ကျွန်မပဲ လျှော်ပေးနေကြကိုး။

မရှင်းရသေးတဲ့ အခန်းက ပွနေတာပဲတဲ့
ရှုပ်ပွနေတဲ့ ဘ၀ရဲ့ပိုင်ရှင်ကပြောတယ်
ပြောပါစေ သူကိုယ်တိုင် ရှုပ်ပွအောင် လုပ်ခဲ့တဲ့ ဘ၀တွေထဲ ကျွန်မဘ၀လဲ ပါသကိုး။

မင်း ငါ့ကို မလေးစားဘူးတဲ့
သူများကို မလေးစားတတ်တဲ့ သူက ပြောတယ်
ပြောပါစေ သူ့ဘာသာသူတောင် မလေးစားတာပဲကိုး။

မင်းက ငါ့လို မဖြူစင်ဘူးတဲ့
အရောင်ညစ်နေတဲ့ ဘ၀အင်္ကျီပိုင်ရှင်ကပြောတယ်
ပြောပါစေ ကိုယ့်ဘ၀ညစ်ကိုယ် လျှော်မလျှော် ဘုရားကခေါ်တော့ သိလိမ့်မယ်လေ။

6 comments:

PTi said...

ရွှေဂျမ်းရေ.. ကောင်းလိုက်တဲ့ အရေးအသား... ဒီကဗျာလေးကို ကြိုက်နှစ်သက်မိပါတယ် နောက်ဆုံးစာကြောင်းကို ပိုပြီး ကြိုက်တယ်...

Honey said...

အမရေ

Very Good!

su wai said...

ကဗျာလေး ကောင်းလိုက်တာ အမရယ် ... ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်ဘဲ သူများကို လက်ညှိုးထိုး အပြစ်ပြောချင်တဲ့သူတွေရဲ့ သဘာဝကို ထင်းခနဲ မြင်သာအောင် ရေးဖွဲ့ထားနိုင်တယ်နော် ...

မင်းက ငါ့လို မဖြူစင်ဘူးတဲ့
အရောင်ညစ်နေတဲ့ ဘ၀အင်္ကျီပိုင်ရှင်ကပြောတယ်
ပြောပါစေ ကိုယ့်ဘ၀ညစ်ကိုယ် လျှော်မလျှော် ဘုရားကခေါ်တော့ သိလိမ့်မယ်လေ။

အဲဒီအပိုဒ်လေးကို အကြိုက်ဆုံးပဲ...။

Moe Cho Thinn said...

ညီမလေး ရွှေဂျမ်းရေ
ကဗျာလေးက ကောင်းလွန်းလို့..

စာတွေ ဆက်ရေးပါအုံး ညီမ။ နှမြောစရာကြီး..
လင်းရော ညီမပါ ပျောက်နေလို့။

ဂျဲဂျယ် said...

very good. i like it.

ပိုးဥ said...

ကဗျာလေး အရမ်း ကြိုက်တယ်။