Wednesday, September 24, 2008

ဖြစ်သလို

မလင်းက ဖြစ်သလိုစားတာတွေကို ရေးခိုင်းလာတယ်။ ခက်တာပဲ ဖြစ်သလိုစားတာတွေက အများကြီးရယ်။ မြန်မာထမင်းဟင်းကို စားချင်ပေမယ့် အနီးအနားမှာ မြန်မာဆိုင်ကလည်း မရှိလေတော့ ၀ယ်စားဖို့ကလည်း မလွယ်။ မြန်မာစာ မပြောနဲ့ အာရှအစားအစာတောင် ကောင်းကောင်းကန်းကန်းက ရှားလေတော့ သူများတွေလို ဆိုင်တွေ ပတ်ပြီး ရှာဖွေစားသောက်ဖို့ကလည်း မလွယ်။ ဒီတော့ ရွှေဂျမ်းရဲ့ ဖြစ်သလိုတွေက သနားဖို့တောင် ကောင်းမလား မသိဘူး။ (သနားပြီး ချက်ကျွေးကြမလားလို့ စကားခေါ်ကြည့်တား) )

အများဆုံး စားဖြစ်တဲ့ ဖြစ်သလိုကတော့ လက်ဘက်နဲ့ ထမင်းနဲ့ပါ။ လက်ဘက်ကြိုက်တာကို အရင်တုန်းက လည်း ဒီပို့စ်မှာ ရေးခဲ့ဖူးပါတယ်။ အကြော်တွေနဲ့ လက်ဘက်သုပ်လိုစားတာမျိုး မဟုတ်ဘဲ အဘွားစားသလို လက်ဘက်အသားလေးတွေနဲ့ ထမင်းကို နယ်စားတာပါ။ ထမင်းဖြူရှိလို့ကတော့ အိမ်က ပို့ပေးထားတဲ့ ငါးပိကြော်၊ ငါးခြောက်ကြော်၊ ငါးပိထောင်းတွေနဲ့လည်း စားတတ်ပါတယ်။ ဗိုက်ဆာနေရင် ထမင်းစားတာက အာသာအပြေဆုံး စားစရာမို့ မြန်မာစားစရာ အခြောက်အခြမ်းတွေနဲ့ဆို ကျွန်မအတွက် ဘယ်လိုစားစား စားလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာစားစရာ ရိက္ခာတွေ ပြတ်ခါနီးရင် ရွှေဂျမ်းတစ်ယောက် panic ဖြစ်တတ် ပါတယ်။

ထမင်းပြီးရင် အစားဖြစ်ဆုံး ဖြစ်သလို စားစရာကတော့ ခေါက်ဆွဲပြုတ်ပေါ့နော်။ ခေါက်ဆွဲပြုတ်တွေစားရင် ဆံပင်တွေ ကျွတ်တတ်လို့ တံမြက်စည်းလို့ ခေါ်တဲ့အကြောင်းလည်း ဒီပို့စ်မှာ ရေးဖူးပါသေးတယ်။ အဲလိုတွေ ကြားဖူးလို့ မစားတာတော့ မဟုတ်ပါဘူး။ ရုံးကပြန်လာလို့ ချက်ပြီးသား ၀ယ်ပြီးသား မရှိရင်၊ ချက်ပြုတ်ဖို့ မောလာရင် ပထမဆုံးပြေးမြင်တာ ခေါက်ဆွဲပြုတ်ထုပ်လေးပေါ့။ အရင်ကတော့ မာမားတို့ ပါပါးတို့ အဲ ဟုတ်ပေါင် မာမားခေါက်ဆွဲထုပ်တို့ ဝေေ၀တို့ စတဲ့ ယိုးဒယားခေါက်ဆွဲထုပ်တွေကို အမြဲစားခဲ့တာပေါ့။ အကြိုက်ဆုံးကတော့ ချဉ်စပ်။ ခုနောက်ပိုင်းတော့ အချိုမှုန့်တွေ အတောင့်လိုက် မမြင်ရတဲ့ (ပိုညက်အောင် ထောင်းထားလေတာလားတော့ မသိ)ကိုရီးယား ခေါက်ဆွဲထုပ်တွေကို မျက်စိကျပြီး ပိုစားဖြစ် နေပြန်ပါတယ်။ ကိုရီးယားခေါက်ဆွဲထုပ်က ပိုကြီးပြီး ရေညှိခြောက်လေးတွေလည်းပါတော့ ပိုစားလို့ကောင်း တယ်လေ။ ရုံးကအပြန်မှာ ချက်ချင်ပြုတ်ချင်စိတ်လေးလည်းရှိ ချက်ဖို့ အင်အားလေးလည်းရှိတယ်ဆိုရင်ဖြင့် ချက်ပါတယ် (ဟင်းပြောတာနော် ဟင်း)။ ဘာချက်လဲဆိုတော့ ရှိတဲ့ အသီးအရွက်လေးတွေကို ခရုဆီနဲ့ ကြော်ပါတယ်။ spaghetti လို မျိုး ချက်ရလွယ်ကူတဲ့ pasta တွေချက်စားပါတယ်။ ဒီနေ့တောင် pasta ချက်ဖြစ်ပြီး အမှုန့်လေးတွေ ဖြူးစားတယ်လေ။ အမှုန့်လေးတွေဆိုလို့ parmesan cheese မထင်နဲ့နော်။ စပ်ချင်လို့ ဒေါ်ထွေးငရုတ်သီးမှုန့်တွေ ဖြူးစားလိုက်တာ။ ရွှေဂျမ်းရဲ့ signature pasta ပေါ့နော်။း) ဗိုက်သိပ်မဆာတဲ့ ညတွေမှာတော့ chips နဲ့ salsa ခပ်စပ်စပ်ကို တို့လို့ပဲ စားဖြစ်တတ်ပါတယ်။ ပုလင်း အေးအေးလေး ဘေးမှာထားလို့ပေါ့။ pepsi ပုလင်းပြောတာနော်။ ဘာမှကို မစားချင်တဲ့နေ့တွေမှာတော့ မိုင်လိုတစ်ခွက်နဲ့ ပြီးသွားရော။

ဘာမှ မချက်တဲ့နေ့မှာတော့ အနီးအနားက ဆိုင်တွေကိုပြေးပြီး ၀ယ်စားလိုက်တာပေါ့နော်။ ရုံးကပြန်ချိန်မှာ စားသောက်ဆိုင်ထဲ စိမ်ပြေနပြေ ထိုင်စားလောက်အောင် စိတ်ကလည်း မရှည်၊ ဘတ်ဂျက်ကလည်း ခွင့်မပြုလေတော့Costco က ပီဇာစားလိုစား၊ ၀ိတ်တက်မှာ မကြောက်လောက် အောင် မိုက်မဲတဲ့နေ့တွေကျ တော့ ဘာဂါတွေ တုပ်လိုတုပ်၊ ကားပါကင် ရှာဖို့ စိတ်ရှည်တဲ့နေ့ မျိုးမှာတော့ mall ထဲ က food court မှာ စိတ်ကူးပေါက်ရာ အုပ်လိုအုပ်ပေါ့။ တရုတ်စားသောက်ဆိုင်တွေကလည်း ကျွန်မတို့မြို့ မှာက သိပ်ပြီး မကောင်း လှဘူး။ ဒီတော့ တရုတ်စာလို့ အမေရိကန်တွေ ယုံကြည်စားသောက်နေကြတဲ့ ဆိုင်တွေမှာပဲ အလွယ် ၀ယ် စားလိုက်တဲ့ နေ့တွေလည်း ရှိပါသေးတယ်။ ကယ်လက်စထရောလ်ဟင်းတွေလို့ ခေါ်ရလောက်မယ့် ၀က် ဆီတွေ ပါတတ်တဲ့ မက်ဆီကန်အစားအသောက်တွေကတော့ ကောင်းလည်းကောင်း ပေါလည်းပေါမို့ စားရလွယ်တဲ့ burrito တွေလည်း စားဖြစ်တယ်ပေါ့။ sandwich ကောင်းကောင်းစားချင်တဲ့ အခါမျိုးမှာတော့ Quizo's ဆိုတဲ့ဆိုင်က sandwich တွေ ၀ယ်စား ဖြစ်ပါတယ်။ နောက်တမျိုး အလွယ်လိုက် တာကတော့ ဘူဖေးဆိုင်ကနေ စားချင်တာတွေကို ဖော့ဘူးထဲထည့်ပြီး ပေါင်ချိန်နဲက ၀ယ်စားတာပါ။ တရုတ်ဆိုင်မှာလို တစ်မျိုးနှစ်မျိုးထဲ မဟုတ်ဘဲ အစုံစားရတာပေါ့နော်။ ရုံးထမင်းစားချိန်မှာတော့ ကားနဲ့အပြင် ထွက်စားရင် ပါကင်ပြန်ရှာရတာ ခက်လွန်းလို့ အိမ်က ထမင်းဘူးထည့်မလာတဲ့နေ့တွေမှာ အနီးအနားက ဆိုင်တွေမှာပဲ လှည့်ပတ်စားသောက်ပါတယ်။ တခါတလေကျ နေ့လည်ဖက် ထွက်စားလိုက်ရင် ပိုလို့ ဘူးနဲ့ ထည့်လာတာကပဲ ညစာဖြစ်သွားတဲ့နေ့တွေလည်း ရှိပါတယ်။ တခါတလေ (တကယ့်ကို တခါတလေ) ၀မှာကြောက်လို့ဆိုပြီး ယုန်စာတွေလည်း စားပါတယ်။ အရွက်စိမ်းတွေမျိုးစုံမို့ salad ကို ကျွန်မက ယုန်စာလို့ လည်း ခေါ်လေ့ရှိပါတယ်။ စားကောင်းတဲ့ အခါတွေရှိသလို မြန်မာစာတွေလို အသီးအရွက်သုပ်တွေနဲ့များ တခြားစီဆိုပြီး စိတ်ပျက်မိတဲ့အခါတွေလည်း ရှိပါတယ်။

ခုတလော အလုပ်များတော့ အစားအသောက်ကို ဂရုတစိုက်မစားဘဲ ဖြစ်သလို ပိုစားဖြစ်နေတာ ကိုယ့်ကိုယ်ကိုလည်း သတိထားမိပါတယ်။ ကျန်းမာရေးအတွက် အစားအသောက်က အစ မျှတအောင် စားသင့်တယ်ဆိုတာလည်း မသိလို့တော့မဟုတ်။ ခုတလော ပြေးလွှားနေရသလို ခံစားနေရလောက်အောင် အလုပ်တွေက နည်းနည်းရှုပ်နေသေးတာမို့ ဖြစ်သလိုတွေနဲ့ ခဏတော့ တွေ့နေရဦးမယ်ထင်ပါရဲ့။ နည်းနည်းလေး ပြန်အချိန်ရလာတဲ့အခါကျရင်တော့ ချက်စားပစ်လိုက်ဦးမယ် လွမ်းနေတဲ့ ပဲနှပ်တို့ အချဉ်ဟင်းတို့ ငါးပိချက်တို့... ။

4 comments:

PTi said...

အိမ်နဲ့ဝေးနေတဲ့လူတွေ သတိရတာတွေကလည်း အတူတူပါပဲလားနော်…

ရွှေဂျမ်းရဲ့ ဖြစ်သလိုကလည်း သိပ်တော့လည်း မဆိုးလှပါဘူး။ ကျွန်တော်ဆိုရင်တော့ အဲဒါတွေပဲစားရင် ၃လလောက်တော့ ခံနိုင်ရည်ရှိတယ်။ ဒေါ်ထွေးငရုတ်သီးမှုန့်နဲ့ချက်တဲ့ ပါစတာ ကိုစားချင်တယ်ဗျို့… :P

လွမ်းတာကတော့ အမေ့အိမ်က ဟင်းတွေပါပဲ……

လင်း said...

သနားပြီး ချက်ကျွေးချင်လို့  ထမင်းချက်ခန့်မလားဟင်။ ဖွယ်ဖွယ်ရာရာလေး ချက်ကျွေးမယ်လေ။ ဖြစ်သလို မဟုတ်ဘူး ဟီးး လခဘယ်လောက်ပေးမလဲ။

honey said...

ချက်စားမယ် ဟလား
ဘယ်တော့ချက်မှာလား
မြည်းပေးမယ်လေ... အားမနာနဲ့နော်

ပုံရိပ် / Pon Yate said...

မရွှေဂျမ်း ပြောသလို စပတ်ဂတီကို ငရုတ်သီးမှုန့် ဖြူးစားကြည့်မှ ထင်တယ် ဟိ။ ပုံရိပ်လည်း မြန်မာပြည်က အခြောက်အခြမ်းနဲ့ ဆိုပြီးနေတာပါပဲ။