Sunday, November 16, 2008

လမ်းကလေးနဲ့ သူမ (၂)

သူမလျှောက်တဲ့ လမ်းမှာ အရိပ်တွေ အမြဲကပ်ပါနေခဲ့သည်။ သူမရဲ့ အရိပ်တွေလို့ ဆိုရာမှာ ကိုယ့်အရိပ် ထက် သူမကိုယ်ပေါ်ကို ကျ ရောက်နေတဲ့ အရိပ်တွေပါ။ သွားလေရာနောက်ကို တကောက်ကောက် လိုက်ပါ တတ်တဲ့ မိုးတိမ်တစ်အုပ် လိုပေါ့။ အရိပ်ဆိုတာ ပူလောင်တဲ့အချိန်မှာ အေးမြခြင်းကို ပေးစွမ်းနိုင်ရမယ်လို့ သိထားပေမယ့် သူမရဲ့ အရိပ် တွေထဲမှာ အေးမြမယ်ထင်ရတဲ့အချိန်မှာတောင် ပူလောင်စေနိုင်တဲ့ အရိပ်တွေ ရှိနေခဲ့သည်။ တကယ်ပြန် စဉ်းစားတော့လည်း တသက်လုံး အရိပ်လို့ ထင်လာခဲ့တဲ့အရာတစ်ခုဟာ အရိပ် အစစ်မှ ဟုတ်ရဲ့လားလေ။ အေးမြတဲ့ အရိပ်တွေက အသာစီးရနေလို့သာ အရိပ်လို့ ထင်မှတ်မှားခဲ့တဲ့ နေပျောက်ခပ်စူးစူးပေများလား။ အဲဒီနေရောင် ခပ်ပူပူဟာ သူမကို မျက်စိစူးလိုစူး အသားအရောင် နေလောင် လိုလောင်။
ဒီနေ့လည်း သူမနေလောင်ခံရပါသည်။ အရိပ်တွေကြားက သူမကိုလောင်တဲ့နေရောင်စူးရှရှကို မကျေနပ်စွာ တီးတိုး ညည်းတွားမိသည်။ ဒါပေမယ့်.... နေဆိုတာ မရှိတာထက်စာရင် ရှိတာက တော်သေးတယ်ဆိုတော့ လောင်စရာ နေရှိတာကိုပဲ ကျေးဇူးတင်ရဦးမှာလား။ ဘ၀ဆိုတာကို အကြမ်းခံနိုင်ဖို့ ဘုရားက တမင်ထားပေးတာ ဒီနေရောင်များလား။ ဒါမှမဟုတ် နာမည်မယူပဲ အေးမြခြင်းတွေ အမြဲပေးနေခဲ့တဲ့ အရိပ်တွေကို ကျေးဇူးတင်တတ်အောင်များလား။ သူမ မတွေးတတ်ပါ။ နေပျောက်တွေဟာ သူမကိုယ်ပေါ်မှာ စူးမြဲစူးနေဆဲဖြစ်သလို အရိပ်တွေကလည်း အေးမြဆဲ။ ဆက်လျှောက်မယ့် သူမရဲ့ လမ်းတလျှောက် ဟာလည်း မိုးရွာလိုက် နေပူလိုက်ဖြစ်နေဦးမယ့်ပုံပဲ။

2 comments:

လင်း said...

ဘ၀ဆိုတာကို အကြမ်းခံနိုင်ဖို့ ဘုရားက တမင်ထားပေးတာ ဒီနေရောင်များလား။
ဒီလိုလေးဘဲ လှည့်တွေးကြတော့ပေါ့ ဂျမ်းရေ။ တမျိုးတွေးကြည့်တော့လည်း နေရောင်ရဲ့ ပူပြင်းတာတွေ ကိုခံရလေ အရိပ်ရဲ့ တန်ဖိုးတွေကို ပိုသိရလေပေါ့။ အဲလိုဘဲ သဘောထားလိုက်ပါ။ တခါတလေမှာ နေရောင်ကလည်း လိုအပ်ပါသေးတယ်။

P.Ti said...

အချစ်ဆိုတာ သစ်ပင်လိုပဲလို့ ဆိုခဲ့တဲ့ ရွှေဂျမ်းရေ... ဘ၀ဆိုတာလည်း သစ်ပင်လိုပဲလို့ တွေးလိုက်ရင် အရိပ်အောက်မှာပဲရှိနေတယ်ဆို တိုးတက်ဖြစ်ထွန်းမှုနည်းမှာပေါ့။

နေရောင်လေးလည်းရှိမှ တွန်းအားတွေဖြစ်ပြီး ဘ၀ဟာတိုးတက်လာမယ်လို့ပဲ ယူဆလို့ ရမယ်ထင်ပါတယ်...