Sunday, November 23, 2008

ရွှေဂျမ်းလုပ်ပုံ ငရုတ်ဆုံ

ဒီနေ့ အသိအိမ်က ဖိတ်လို့ ထမင်းသွားစားတယ်။ တစ်ခါတစ်လေလေး အိမ်ချက် မြန်မာထမင်းဟင်း စားရလို့လားမသိ စားလို့ကောင်းပါဘိခြင်း။ သူတို့ ထမင်းစားပွဲမှာ ထိုင်ထိုင်ချင်း ဒါလေးက ချဉ်ပေါင်ကြော်လား၊ ဒါလေးက ခေါက်ဆွဲကြော်လား လုပ်ရင်းနဲ့ ဒီပန်းကန်ထဲကဟာလေးက ပုံးရည်ကြီးဟင်းလားလို့ မေးမိတော့ အိမ်ရှင်တွေက ရီလိုက်ကြတာ။ မျက်စိက မွဲမွဲနဲ့ ခပ်မည်းမည်း အနှစ်တွေလို တွေ့တော့ မှန်းပြောလိုက်တာ လွဲသွားပါလေရော။ ပုန်းရည်ကြီး မဟုတ်ဘူး brownies တဲ့။ ဖြစ်ရမယ်။ ဒီချက်ပုံက ဆန်းတယ်လို့ ထင်တော့ ထင်သား။ ပုန်းရည်ကြီးဟင်းထဲက ဖြူဖြူ အတုံးလေးတွေက ဘာပါလိမ့်လို့လေ။ brownies ပေါ်က marshmallow အတုံးလေးတွေတဲ့။

ကျွန်မလည်း မလင်းနဲ့ တွဲမိတာ မဆန်းဘူး။ တစ်ခါတစ်လေ လွဲချက်က ကမ်းကုန်တယ်။ တစ်ခေါက်က မဂိုလမ်းထဲမှာ ချစ်တီးထမင်းသွားစားပြီး အပြန် ကွမ်းယာဆိုင်လေးတွေရှေ့က ဖြတ်လျှောက်တော့ အစ်မလုပ်တဲ့လူက အပျော်ကွမ်းယာ ၀ယ်စားကြည့်ရအောင်တဲ့။ ကွမ်းယာဆိုင်တွေကလည်း တန်းကိုစီလို့။ ရေခဲစိမ်ကွမ်းယာဆိုပဲ။ ကွမ်းရွက်လေးတွေ အစီအရီဖြန့်ခင်းထားတာ မစားတတ်တဲ့လူတောင် စားချင်စရာ။ ကွမ်းရွက်ပေါ်မှာ ချထားတဲ့ အဆာပလာတွေ ပေါ်မှာ ဖြူဖြူအတုံးလိုလို အဖတ်လိုလိုလေးတွေ။ အော် ရေခဲစိမ်ကွမ်းယာ ဆိုတော့ စိတ်က ရေခဲဆီရောက်ပြီး ရေခဲတုံးလေးတွေ ထည့်ဝါးတာလားလို့ မေးမိတော့ ကွမ်းယာသည်က အစ်မ အဲဒါ ကျောက်ဖရုံယိုတဲ့။

နောက်တစ်ခါကျတော့ ရန်ကင်းကြေးအိုးမှာ သွားစားကြတုန်းကပေါ့။ စားပွဲထိုးကောင်လေးကို တစ်ယောက် တစ်မျိုး ၀ိုင်းမှာနေကြရင်း ဘေးက ကျွန်မတူလေးက ၀က်သားနဲ့ ကြေးအိုးဆီချက် ဦးဏှောက်မပါလို့ မှာလိုက်တယ်။ ကျွန်မအလှည့်ကျတော့ အားကျမခံ အစ်မအတွက်ကတော့ ကြက်သားနဲ့ ကြေးအိုးဆီချက် ဦးဏှောက်မပါ လို့ အားရပါးရမှာလိုက်တာ စားပွဲထိုးက ကြက်သားနဲ့ဆို ဦးဏှောက်မပါဘူး အစ်မဆိုတော့မှ မှာတာ အရှိန်လွန်သွားမှန်း သိလိုက်ရတယ်။ အဲဒီကတည်းက ကြေးအိုးဆိုင်သွားတိုင်း သတိထားမှာ ဖြစ်တော့တယ်။

နောက်တစ်ခါ စကော့ဈေးမှာ အစ်မတစ်ယောက်နဲ့ ဈေးသွားဝယ်ကြတယ်။ ဗေဒင်တွေအတူ သွားမေးဖူးတဲ့ အစ်မပဲပေါ့။ မြန်မာပြည်ကအပြန်လက်ဆောင်ပေးဖို့ ရွှေချည်ထိုးတွေ သွားဝယ်ကြတာ။ မှီအုံးစွပ်ပေါ်မှာ မြင်းပုံတို့ မင်းသမီးပုံတို့ ကိန္နရီပုံတို့ ရွှေချည်ထိုးထားတာလေးတွေက သယ်ရတာ သိပ်မလေးလွန်းသလို မြန်မာ့ လက်မှုပစ္စည်းအဖြစ် လက်ဆောင်ပေးလို့လည်း ကောင်းတယ် မဟုတ်လား။ အစ်မနဲ့ နှစ်ယောက်သား ပုံမျိုးစုံတွေ ရွေးကြ ဈေးဆစ်ကြလုပ်နေရင်းနဲ့ အပေါ်နားမှာ ချိတ်ထားတဲ့ တစ်ခုကိုတွေ့တော့ ဆိုင်ရှင်ကို ကျွန်မက မေးလိုက်တယ်။ ဒီကြက်ပုံလေးကရော ဘယ်လောက်လဲလို့။ ဆိုင်ရှင်က မျက်နှာထားတင်းသွားပြီး အဲဒါ ဒေါင်းဆို ခပ်ဟောက်ဟောက်ပြောတော့မှာ မှားပြန်ပဟဲ့ဆိုပြီး ခပ်သွက်သွက်ဝယ်ရင်း ထွက်ခဲ့ရတယ်။ ဈေးရုံအပြင်ရောက်တော့ အစ်မက ရယ်ရင်း နင်လုပ်လိုက်ရင်လေ ဒေါင်းတောင် ကြက်ဖြစ်ရရှာတယ်ဆိုပြီး ပြောပါလေရော။ သူတို့ ရွှေချည်ထိုး ဒီဇိုင်းက ဒေါင်းနဲ့မှ မတူတာကိုး လို့။
ဒီပို့စ်ကို ရွှေဂျမ်းလုပ်ပုံ ငရုတ်ဆုံဆိုပြီး ခေါင်းစဉ်တပ်လိုက်တာကတော့ လုပ်လိုက်ရင် တလွဲဖြစ်တတ်တာလေးတွေ ပြန်သတိရပြီး ရယ်နေမိလို့ပါ။

7 comments:

လင်း said...

ဟေ့ မင်းအလွဲက ပိုဆိုးပါတယ် ငရုတ်ဆုံရယ်။ ဟီးဟီး
နောက်ထပ်အလွဲတွေရော ထည့်ရေးလေ။
ဗန်းစကားပြောရင် နားမလည်ဘဲ တလွဲတွေ တွေးတာတို့ ဘာတို့  ညာတို့ ။ ငရုတ်ဆုံ၂ရေးချင်လို့ tag ပါလားဟင်

Honey said...

ဟိဟိ ရီရတယ်ငရုတ်ဆုံရေ

P.Ti said...

ဟားဟား ရီလိုက်ရတာ ငရုတ်ဆုံ ရွှေဂျမ်းရေ...
နောက်တခါ ပုန်ရည်ကြီးချက်ကိုတော့ brownies ဆိုပြီးတော့ အားရပါးရ မစားလိုက်နဲ့ဦးနော်...

တော်သေးတာပေါ့.. ရွှေချည်ထိုးဆိုင် က ရိုက်မလွှတ်တာ... ရွှေဂျမ်းလုပ်မှ ဒေါင်းလည်း ကြက်ဖြစ်သွားတော့တယ်...

လင်းပြောသလို ဆက်ရေးပါဗျို့...

ပုံရိပ် / Pon Yate said...

ဒေါင်းက ကြက်ဖြစ်သွားတယ် ဆိုတော့ လုပ်တဲ့ လက်ရာ ညံ့လို့ ဖြစ်ရမယ် ဟဲဟဲ။။

Winkabar said...

အိပ်ချင်နေတာ ဒီစာကို မဖတ်ခင်တုန်းက။ ရယ်လိုက်ရတာ အစ်မရယ်။ အိပ်ချင်တာတောင် ပျောက်သွားတယ်။ ဖြစ်ရမယ်။ :D

ရွှန်းမီ said...

လာရယ်သွားပါတယ် မရွှေဂျမ်း..
=) ငရုတ်ဆုံလေးလို သူများက ထုချင်ထောင်းချင်စရာ ဖြစ်တတ်တာတွေ.. ပြန်တွေးမိတော့လည်း ရယ်ရတယ်နော်။

ခင်မင်းဇော် said...

ဂျမ်း လာဖတ်ပြီး ရယ်သွားတယ်..
မကြာမကြာ ရေးပါဦး..