Wednesday, December 17, 2008

အမည်သညာ ခေါ်စရာကား

ဒီနေ့ မိတ်ဆွေတစ်ယောက်က ပြလို့ အွန်လိုင်းက အလင်းတန်း ဂျာနယ်တွေကို ကြည့်မိတယ်။ ထုံးစံအတိုင်း အနုပညာသမားတွေရဲ့ သတင်းတွေက အစုံပါပါတယ်။ အကြမ်းဖျင်းအားဖြင့် ခြုံငုံပြောရရင် ဘယ်မင်းသမီး လေး က နိုင်ခြံဂါးက ယောက်ျားကိုယူလိုက်လို့၊ ဘယ်မင်းသားလေးက ဘယ်ဟိုတယ်ကြီးမှာ မွေးနေ့ ဖယောင်းတိုင် ဘယ်လိုမှုတ်လို့၊ ဘယ်အဆိုမတော့်တတော်လေးက မြွေဖမ်းတာ နဂါးမိလို့၊ ဘယ်မော်ဒယ်လေးက မည်သို့လုပ်လိုက်သည်မသိ နန်းတော်တစ်လုံး ချက်ချင်း ကောက်ဝယ်လိုက်လို့ စသဖြင့် မြန်မာပေါလိဝုဒ်ရဲ့ သတင်းစုံပေါ့နော်။ အဲဒီသတင်းတွေထဲမှာ မကြာခဏတွေ့ရတာကတော့ မြန်မာမင်းသား မင်းသမီး အဆိုတော် များ အနုပညာရှင်များရဲ့ ကလေးများအကြောင်းတွေပါပဲ။ ကလေးမွေးသတင်း၊ ကလေး ကင်ပွန်းတပ်၊ ကလေး မွေးနေ့ပွဲ စတဲ့ သတင်းတွေဖတ်ရင်း သတိထားမိတာက ကလေးတွေရဲ့ ဆန်းပြားလှသော နာမည်တွေပါ။ ကျွန်မတို့ ငယ်ငယ်က နာမည်သုံးလုံးလောက်ဆို ရှည်လှ ဆန်းလှပြီ ထင်နေခဲ့တာ ခုခေတ် နာမည်တွေနဲ့ဆို အိပ်နေရုံလောက်ပဲ ရှိမယ်ထင်ပါတယ်။ ဂျာနယ်သတင်းတွေ ဖတ်လေ့ ရှိတဲ့လူတွေဆိုရင် ဘယ်မင်းသား မင်းသမီး ရဲ့ ကလေးနာမည်က ဘာဆိုတာ သိပြီးသားတောင် ဖြစ်ချင်ဖြစ်မှာပါ။ ကျွန်မကတော့ တခါတလေမှ ကောက်ခါငင်ခါ ဖတ်တဲ့လူမို့ တွေ့မိသလောက်ကိုပဲ ပြောချင်ပါတယ်။

စပြောရမယ်ဆိုရင်ဖြင့်.. မင်းသား လူမင်းက သူ့သမီးကို ဧရာဝတီလူမင်းတဲ့။ (ကြုံလို့ပြောရရင် အစကတည်း က ကျွန်မတို့အိမ်မှာ လူမင်းနာမည်ကိုဆို လူမင်းဆိုတော့ ခွေးမင်း မဟုတ် လို့ပေါ့တို့ ဘာတို့ အမြဲနောက်နေကျပါ။) ဧရာဝတီဆိုတာ မြန်မာပြည်ရဲ့ အဓိကရ ရာဇ၀င်ထဲက သတို့သမီးမို့လို့ (သီချင်းတွေ နဲ့ ရောကုန်ပြီ) ကြိုက်လို့ ကလေးနာမည်ပေးချင်တာဖြစ်မှာပါ။ ကျွန်မစဉ်းစားမိတာက တော်ကြာ ကလေးကြီး လာတဲ့အခါ သံလွင်မျောက်မင်းတို့ ဒုဌ၀တီဝံမင်းတို့ နာမည်ပြောင်ပေးပြီး အနောက်ခံရရင် မခက်ပါလား။ နောက်မယ်ဆို မြစ်နာမည်တွေကလည်း အများကြီးရယ်။ မြန်မာ့ပထ၀ီသင်တဲ့အခါကျ မဟုတ်က ဟုတ်က နောက်ချင်လို့ ကုလားတန် လူမင်းဆို သွားရော။ ခုမှ လောလောလတ်လတ် သားလေးမွေးတဲ့ မင်းသား သားညီကလည်း သူ့သားလေးကို နာမည်ပေးရင် လင်းအရုဏ် ဒါမှမဟုတ် ဧကသားညီလို့ နာမည်ပေးမယ်စဉ်းစားထားသတဲ့။ (တကယ့် အဓိပ္ပါယ်ကတော့ ဧကဆိုတာ တစ်မို့လို့ပါတဲ့။) ကြီးလာရင် ဒီကောင်က ကျယ်ဆို ဘယ်နှဧကတောင်ကွလို့ အပြောခံရရင် ဘယ်လိုလုပ်မလဲ။ နောက်ချင် ရင်လည်း ဟက်တာတွေ ဖာလုံတွေ စကွဲမိုင်တွေဆိုမှ အကုန်ရှုပ်ကုန်ပါ့မယ်။ စိတ်ကူးတွေကွန့်မြူးပြီး နာမည်တွေ လျှောက်ခေါ်ကြည့်ရရင် ပြီးတော့မှာ မဟုတ်ဘူး။

နောက်ကလေးတစ်ယောက်နာမည်က မြတ်သောမောင်တဲ့။ နာမည်ကို ရုတ်တရက်ကြည့်လိုက်ရင်တော့ တယ်လည်း ကြီးကျယ် မြင့်မြတ်ချင် ကြသကိုးလို့ ထင်ရမှာပါပဲ။ သောဆိုတာ မြန်မာစကားမှာတော့ ဘာဖြစ်သော ညာဖြစ်သောလို့ ပြောလေ့ရှိကြတဲ့ နာမ၀ိသေသန နဲ့ နာမ်ကြားက အခေါ်အဝေါ်ပါ။ နံသောမောင်လည်း ဖြစ်နိုင်တာပဲ။ မလင်းဆိုရင် ယောင်သောလင်း လို့ပြောင်းခေါ်ရင် ကိုရီးယားနာမည်လေး လိုလို လှတောင် လှသေး။ အဲဒါဆို မလင်းက ကျွန်မကို ပျင်းသောဂျမ်းလို့ ပြန်ခေါ်မှာ။ ယောင်သောလင်း ဆိုတဲ့ နာမည်လောက် မလှဘူး မလင်းရေ။ လာမခေါ်နဲ့နော်။း) ဒီကလေးရဲ့ ဆွေမျိုး သမီးကလေးကလည်း ခေသူမဟုတ်။ ခေတ်သခင် ဆိုလား။ ဟဲ့ အကျိုးနဲ ဘာတဲ့တုန်းလို့သာ အော်လိုက်ဖို့ကောင်းတော့တယ်။ ဒီနာမည် တွေက ခုတလောမှာ လောလောလတ်လတ်တွေ့လိုက်တာလေးတွေပါ။ အရင်က ဖတ်မိတဲ့ထဲမှာ ရုပ်ရှင်မင်းသမီးကြီး ၀ါဝါ၀င်းရွှေရဲ့ မြေးတွေ နာမည်တွေကိုလည်း သတိထားမိလိုက်ပါသေးတယ်။ နာမည်ကျော် အဘွားရဲ့ မြေးတွေမှန်းသိအောင်ထင်ပါရဲ့။ ဖတ်မိတုန်းက ၀ါတာတွေရော ရွှေတာတွေရော နာမည် လေးလုံးတွေနဲ့ လျှာတွေပါ ခလုတ်တိုက်ပြီး ပါးစပ်တွေတောင် ကျိန်းချင်စရာလို့ ထင်မိပါတယ်။

ဒီသတင်းတွေထဲမှာသာမက အပြင်လောကမှာပါ ကျွန်မ မသိသော ဆန်းပြားတဲ့ နာမည်တွေ များစွာ များစွာရှိဦးမှာပါပဲ။ ကျွန်မမှာတော့ နာမည်ဆန်းဖို့ဝေးလို့ သုံးလုံးလောက်ဆိုရင်တောင် လွန်လှပြီထင်တတ်တဲ့ အမျိုးတွေထဲမှာ ကြီးပြင်းလာတာမို့ နာမည်အထူးအဆန်းဆို အံ့ကိုသြလို့နေတာပါပဲ။ ကျွန်မရဲ့ အစ်မတွေရဲ့ သားသမီးတွေ နာမည်ပေးကြတဲ့ အခါမှာလည်း ဗေဒင်တွေမေးရ၊ နှစ်ဘက်ဆွေမျိုးတွေသဘောကိုမေးရ နဲ့ ရှုပ်နေတာတွေ တွေ့ခဲ့ဖူးပါတယ်။ ဗေဒင်ဆရာတွေကလည်း ကိုရီးယားကားတွေ ခေတ်စားချိန်မို့ ရွေးပေးလိုက်တဲ့ နာမည်တွေက မြန်မာမှ ဟုတ်ကျသေးရဲ့လားလို့ မေးရမယ့်အတိုင်းပါ။ ယွန်းမီတို့၊ ဆန်းမီတို့လို မင်းသမီး နာမည်မျိုးတွေလည်း ပါပါတယ်။ နောက်တူမလေး တစ်ယောက်ရဲ့နာမည်ဆို သန့်နဲ့စ ပါတယ်။ အဲဒီအခါကျတော့ မ သန့်ဘယ်သူဆိုရင် မသန့်သလို ဖြစ်နေပါ့ မယ်ဟဲ့ ဆိုပြီး အမျိုးတွေက ၀ိုင်းပြောကြရော။ ကြီးတော်ကြီးများက ကလေးနာမည်ကို အသံထွက်တူတာ တွေနဲ့လည်း ဖျက်ကြည့်ကြပါ သေးတယ်။ ဥပမာပြောရရင် ကျွန်မကြိုက်တဲ့ ရုပ်ရှင်မင်းသား ဒွေးကိုဆို အိမ်မှာ သံတူကြောင်းကွဲ မျိုးစုံနဲ့ ခေါ်ပြီး ကျွန်မ စိတ်တိုအောင် အမြဲစလေ့ရှိကြပါတယ်။ နောက်တစ်ခု ကတော့ ကလေးကြီးလာရင် အနောက်ခံရမှာစိုးလို့ နာမည်ကို နောက်ပြန်ခေါ်ကြည့်တာပါ။ ကိုယ်ကတော့ နာမည် လေးကို ကောင်းလှချည် ရဲ့ဆိုပေးလိုက်ပေမယ့် ပြောင်းပြန်ပြန်ခေါ်လိုက်ရင် မဟုတ်ကဟုတ်က အသံထွက်တွေ ပေါ်လာမှ ဟုတ်ပေ့ဖြစ်နေမှာ စိုးရတယ်လေ။ ဥပမာ အငယ်ဆုံး အထွေးဆုံးမို့ ချစ်လွန်းလို့ မသက်ထွေးလို့ နာမည်ပေး လိုက်ပေမယ့် ပြောင်းပြန်ခေါ်တော့ မသေးထွက်ဖြစ်နေရော။

ကျွန်မတို့ကလေးဘ၀ က နာမည် အဆန်းတွေ သိပ်ခေတ်မစားသေးပေမယ့် ခပ်ငယ်ငယ်အချိန်လောက်မှာ ဇါတ်ကောင်နာမည်ဆန်းဆန်းတွေနဲ့ ၀တ္ထုတွေ ခေတ်စားလာတာ မှတ်မိပါသေးတယ်။ မှတ်မိကြလားမသိဘူး မောင် ဇာတ်လမ်းထဲက စ၀်ချဉ်ဗလွတ် အဲ ယောင်လို့ စ၀်နေဗလလို နာမည်မျိုးတွေလေ။ အဲဒီတုန်းကဆို ရုပ်ရှင်ကြည့်ရင် အမေတွေ အဒေါ်တွေက ဟဲ့ သူ့နာမည်က ဘာတဲ့ဆို ပြီး အခေါက်ခေါက် ပြန်ပြန်မေးရလောက်အောင် ဆန်းတာတွေကို စကြားဖူးခဲ့တာပါ။ ကျောင်းတုန်းကလည်း အဆိုတော်ဖြစ်ချင်တဲ့ သူငယ်ချင်းတစ်ယောက်က သူ့အနုပညာနာမည်ပေးတာ သံစဉ်ဘာဖြစ်ဆိုလားပဲ။ သူငယ်ချင်းတွေ ၀ိုင်း အားပေးလိုက်တော့ မေခဲမလောက်ဆိုတဲ့ နာမည်ဖြစ်သွားရော။ အဖေနာမည် ငါးလုံးလောက်ကို surname လို သားသမီးနာမည်မှာ ထည့်ပေးတာတွေလည်း ကြားဖူးပါတယ်။ တစ်ခေါက်က အသိတစ်ယောက် မင်္ဂလာဆောင် ဖိတ်စာမှာတွေ့မိတဲ့ သတို့သမီးနာမည်က အဝေးပြေးကား နာမည်နဲ့တောင် ခပ်ဆင်ဆင် တူနေလေရဲ့။ နာမည်တွေအကြောင်းပြောရင်း သူများ တွေကို နှိပ်သလိုဖြစ်နေရင်လည်း တောင်းပန်ပါတယ်။ သူများထက် ထူးပေ့ ကောင်းပေ့ သာပေ့ မြင့်ပေ့ဆိုတဲ့ နာမည်တွေ ရွေးချင်ကြတဲ့ လောကကြီးကို မျက်စိဆံပင်မွှေးစူးနေတဲ့ လူတစ်ယောက်ရဲ့ အမြင်နဲ့သာ ရေးခြင်းဖြစ်ပါတယ်။ ဒါမှမဟုတ် တောနာမည်ပဲပိုင်လို့ နာမည်ခပ်မိုက်မိုက်တွေကို မနာလိုဖြစ်နေတာလို့ပဲ ထင်ချင်လည်း ထင်သွားလိုက်နိုင်ပါတယ်။ ဟုတ်တယ်လေ။ ခုရေးတဲ့လူရဲ့နာမည်ကိုက တောစတိုင်နဲ့ ပေးထားတဲ့ ရွှေဂျမ်းကိုး။

17 comments:

လင်း said...

ဘယ်သူလဲကွ သူများနာမည်ကို ပျင်းသောလင်းလေး ဘာလေးနဲ့ နာမည် ဖျက်နေတာ ဟင်းနော် ဂျမ်းးး ။

အပြင်မှာလဲ လျှာခလုတ်တိုက်တဲ့ နာမည်တွေများမှများ။ ဟိ ထည့်တော့မရေးတော့ပါဘူးလေ။မတော် ဖတ်မိနေမှ ဟိဟိ မေတ္တာပို့ ခံနေရအုန်းမယ်။ လင်းကိုလဲ အဲလိုဘဲ နာမည်ပေးတုန်းက ကြီးလာလို့  ဖျက်ခေါ်ခံရရင် ဆိုပြိး သေချာ ရွေးရင်းနဲ့  နောက်ဆုံးတော့လည်း ဒန့် တန်တန်

P.Ti said...

ရွှေဂျမ်းရေးတာဖတ်တော့ ကလေးနာမည်ပေးတယ်ဆိုတာ ဆန်းချင်ရုံတစ်ခုတည်းနဲ့ စဉ်းစားပေးလို့မရဘူး ဆိုတာ တွေးမိတယ်။

ကျက်သရေလည်းရှိ အဓိပ္ပာယ်လည်းရှိ တဲ့ နာမည်ပေးနိုင်ရင် အကောင်းဆုံးပဲနော်။ ဒါတောင်နာမည်ပြောင်ပေးလို့မရအောင် တွေးရဦးမယ်။

တခါက တူမတစ်ယောက်က ကလေးမွေးလို့ အမေ့ကိုနာမည်ပေးခိုင်းတာ အမေက အေးမြတ်သူ လို့ပေးတာ မကြိုက်လို့ အိမ့်သဲပိုင် ဆိုပြီးရွေးလိုက်တယ်။ အိမ့်ဆိုတာ အသံထွက်ရတာ ခက်တော့ ကလေးနာမည်က အိမ်သဲ ဆိုပြီးခေါ်ကြတာ။ ကြီးလာတော့ အိမ်သဲ၊ လမ်းသဲ၊ ချောင်းသဲ၊ ကိုယ့်ရဲ့သဲ ဆိုပြီးတော့ နောက်ပြောင်ခံရတယ်။

နာမည်ကြီး ဘလော့ကာ အမတစ်ယောက်ကိုတောင် ရင်နှီးတဲ့လူတွေက အိမ်ခြံမြေ လို့နောက်ကျသေးတယ်။ အဟဲ.. အဲဒီအမ ဒီဘလော့ကိုမဖတ်လောက်ပါဘူးနော်... လာဖတ်ရင်လည်း စတာပါ...

ကျောင်းတက်တုန်းကလည်း အတန်းဖော်တစ်ယောက်နာမည်က မေပုလဲ။ အတန်းသားတွေခေါ်တာ မဲပလေ တဲ့...

တခါတလေ နာမည်ပြောင်းပြန်လုပ်လိုက်ရင် အင်မတန်မျက်နှာပူစရာ... ကိုမျိုးဝင်း၊ ကိုမျိုးမင်း၊ ကိုမျိုးသင်း (အဲ... သူတောင် မလွတ်ချင်) တို့ရဲ့ ညီဆိုရင် ဘယ်လိုနေပါလိမ့်... :P ဟီး

ပီတိ လို သေချာလှလှပပရွေးထားတာတောင် ယောင်သောလင်း က ငပိ တို့ ငတိ တို့ ဖျက်ခေါ်သေးတယ်.... :(

ပျင်းသောဂျမ်း သိပ်မပျင်းတော့ပါ့လား... :D

Honey said...

အဟမ်း

Kay said...

ရွှေဂျမ်းရေ- ၀တ္တုရေးဆရာမတွေက..စလိုက်တာပေါ့.. အီးဒီလို..နံမည် ( နှာခေါင်းပိတ်ထား) ကြီးတွေ..း)

တော်ယုံဆိုရင်တော့..လှပါတယ်။ မတော်ယုံ ဆိုတော့..
ဒါဆို..ရွှေဂျမ်းနံမယ်အရင်းက..ဂျမ်းဒေါ ဖြစ်မယ်။း)

khin oo may said...

ဗွေးတုတ်လဲဖြစ်နိုင်သေးတယ။် သူမနာလိုလို့ပြောတာပါ။ သူများနာမည်လှလှလေးတွေ ကို. :P

khin oo may said...

kom: မမချစ်ချစ် လာဖတ်သွားသည်။ စိတ်လဲငြစ် ရယ်လဲရယ်ချင်
17 Dec 0

khin oo may said...

အတင်း(gossip) ပြောသွားပေမယ့် link ကိုတော့ယူသွားတယ်။ :P

ခင်မင်းဇော် said...

ဟားဟား ဂျမ်းရေးတာ ခုမှ ဖတ်မိ ..
အမ သားနာမည်ကိုရော ဘယ်လိုပြောင်ကြမယ်မသိ ..
ခုမှ စဉ်းစားမိတယ်...
ဘုရား ဘုရားးးးး
ဂျမ်းစဉ်းစားသလိုဆို ဘယ်လို ခေါ်မလဲ လာဖတ်ကြည့်ပါဦး.....သားနာမည်ကို....

ပုံရိပ် / Pon Yate said...

မဂျမ်းရေ ပုံရိပ်ကလဲ ပိတ်ရုံ ဖြစ်နေတာပေါ့။ :D နာမည်ဆိုတာ ဆန်းတိုင်း မကောင်းပါဘူး။ ပုံရိပ်တော့ ယဉ်ယဉ်လေးပဲ ရူး အဲလေ...ကြိုက်တယ်။

Life is for Success said...

hi,
i would like to read a lin than journal, can i get the `link?

လူသစ် said...

သမီးကိုနာမည်ပေးမယ်လုပ်တော့ နဲနဲအပြင်ထွက်လေ့လာလိုက်တာ အဲ့ဒလိုနာမည်တွေတွေ့ပြီး တော်တော်စိတ်ညစ်သွားတယ်ဗျာ။

တားမြစ် ထားသော... said...

ကောင်းတဲ့ သရော်စာလေးပါ။
ကွန်မန့်ဝင်ရေးဖြစ်တယ်ဆိုတော့ ကျွန်တော့်အမည်လေးကို သူငယ်ချင်းတစ်ယောက် ဖျက်ထားတာလေး ရေးသွားပါတယ်။ သူက“သုခမိန်”ဆိုတော့ သူ့ထမိန်ပေါ့တဲ့။ အာ.. အတော်ဆိုးတဲ့ အမည်လို့ တွေးမိသွားတယ်။

သုခမိန်(E-Journal)

phoe thu taw said...

ကလေးတွေ နာမည်တွေက လည်းဆန်းလိုက်တာ.. ဘလော့ဂ်ရေးတဲ့သူတွေမှာလည်း နာမည်းဆန်းဆန်းလေးတွေ ရှိကြတာ သတိထားမိတယ်။

ရွှန်းမီ said...

ယွန်းမီတို့၊ ဆန်းမီတို့ ဆိုတာ မင်းသမီးညီအစ်မလား..
ရွှန်းမီတောင် မျက်ခုံးလှုပ်လာပြီ။ တော်သေးတယ်.. နာမည်မှာ တို့ မထည့်မိလို့။

su wai said...

အစ်မရေးတဲ့ပို့စ်လေး ဖတ်ပြီး ငယ်ငယ်က အနောက်ခံရတာကို ပြန်သတိရမိတယ်… လှည်းယဉ် ကဗျာမှာ ( ငါးတန်းဖတ်စာအုပ်မှာ ပါတယ်ထင်တာပဲ ) ဆူဝေအောင် ခြူတွေဆွဲလို့… ဆိုတဲ့ ကဗျာစာသားပါတာကို ကျောင်းက သူငယ်ချင်းတွေက ဆုဝေ နာမည်ထည့်ဆိုပြီး စ, ကြတယ်လေ…ဟိ

winlatt said...

ကောင်းလိုက်တဲ့စာ
နာမည်ရွေးပြီးရင်လာခဲ့ဦးမယ်...

မီယာ said...

ကိုယ်လည်း မြန်မာ celebritiy တွေရဲ့ကလေးနံမည်တွေအကြောင်း ပို့စ်တစ်ခုရေးထားသေးတယ်။ လာလည်တာကျေးဇူးပါ။ ကျောင်းအကြောင်း တတ်နိုင်သလောက် ဆက်ရေးကြည့်ပါဦးမယ်။