Monday, December 22, 2008

ရုပ်ရှင်နာမည် ဖွက်ကြမယ်

အသိတွေ လာလာပြတဲ့ လင့်ခ်တွေကို ကြည့်မိတိုင်း ပေါက်ကရတွေတွေ့၊ တွေ့တော့ မနေနိုင်ပဲ ရေးမိရော။ ရေးမိတာတွေကလည်း စိတ်ထဲရှိတဲ့အတိုင်း ပြောချင်တာပြောချလိုက်တတ်တာမို့ လူအမြင်ကတ်စရာတော့ ဖြစ်မလားပဲ။ ဒီနေ့လည်း တွေ့မိပြန်ပါပြီ။ မြန်မာဝက်ဘ်ဆိုက်တစ်ခုမှာ မြန်မာရုပ်ရှင်နာမည်တွေကို အင်္ဂလိပ် နာမည်နဲ့ ရေးထားတာတွေပါ။ စာဖတ်သူတွေလည်း သိသင့်သလောက်သိမှာဖြစ်တဲ့အတိုင်း မြန်မာစကား တစ်ချို့ဟာ အင်္ဂလိပ်လို တိုက်ရိုက်ပြန်လို့ အမြဲမရတတ်ပါဘူး။ အင်္ဂလိပ်စကားတစ်ချို့ဟာလည်း ဒီအတိုင်း ပါပဲ။ သိပ်တိုက်ရိုက်ပြန်ချလိုက်ရင် စကားတွေထောက်ပြီး ကို့ရိုးကားယားဖြစ်ကုန်တတ်ပါတယ်။ ဒီလိုပြောလို့ ကျွန်မကိုယ်တိုင်လည်း သိပ်ကျွမ်းကျင်လှတဲ့ ဘာသာပြန်သူ မဟုတ်သေးပါဘူး။ ဒါပေမယ့် လေ့လာနေသူ တစ်ယောက်အနေနဲ့ ဘာသာတွေပြန်ရင်း တွေ့လာသိလာရတဲ့ အချက်တစ်ခုပါ။

မြန်မာရုပ်ရှင် ဗီဒီယို ဇာတ်ကားနာမည်တွေဆိုတာ လှအောင် ဆန်းအောင် (လူနာမည်တွေ မဟုတ်ပါ) ကဗျာဆန်အောင် ပေးတတ်ကြတဲ့ နာမည်တွေပါ။ ဒါတွေကို အင်္ဂလိပ်လို တိုက်ရိုက်ပြန်မယ့် အစား သင့်တော် ဆီလျော်အောင် ဘာသာပြန်မှသာ စိတ်ဝင်စားစရာ ဆွဲဆောင်မှုရှိတဲ့ နာမည်လေးတွေ ဖြစ်လာမယ်လို့ ထင်ပါတယ်။ ခုတော့ မြန်မာဇာတ်ကားတွေကို ကိုရီးယားကားတွေကို ဘာသာပြန်သလိုလို တိုက်ရိုက် ဘာသာပြန် ထားတာ ဒါဘာကားပါလိမ့်လို့ ပြောရမလောက်ကိုဖြစ်နေပါတယ်။ သိထားပြီးတဲ့ ရုပ်ရှင်လေး တွေတောင် ပျောက်ကုန်လို့ ရုပ်ရှင်နာမည်ဖွက်တန်း ကစားရမယ့်ပုံကို ပေါက် နေပါတော့တယ်။ ကဲ ယုံအောင် ပြောပြမယ်။ The second heartbreak of the third age တတိယအရွယ်၏ ဒုတိယ ဝေဒနာဆိုတာ မှန်းလို့ ရမှာပါနော်။ Ma Shwe Htar, the foreign damsel ဒါဆို တပြည်သူမရွှေထားပေါ့။ The eyes are watering Nyo အလို မျက်ဝန်းထဲမှာ မိုးရွာပြီညိုလည်း သူတို့ ပြန်လိုက်မှ ကြက်သွန်လှီးမိလို့ မျက်ရည်ကျရသလိုလို။ မမုန်းလေနဲ့ ငပလီကတော့ Should not be hated Ngapali ဖြစ်သွားရှာတယ်။ Rose day, rose night ဒါက နှင်းဆီနေ့ နှင်းဆီညလို့ပြောချင်တာ မှန်းလို့ရတယ်။ လွယ်လွယ်လေးတွေပါလို့ ပြောမှာသိလို့ နည်းနည်း ခက်တာ လေးတွေ လာမယ်နော်။ Honey coated flower sword ပျားရည်ဆမ်းသော ပန်းဓါး။ ကဗျာတွေ ဆန်လာတော့ နည်းနည်း ပိုရှုပ်လာသလိုပဲ။ ကျွန်မကလည်း ရုပ်ရှင်တွေနဲ့ နောက်ပိုင်းမှာ အလှမ်းဝေးခဲ့ပြီမို့ မသိတာတွေ များလာ ပါတယ်။ အခုပြောမယ့် ရုပ်ရှင်တွေကတော့ ဘာမှန်းကိုမသိလို့ စာဖတ်သူတို့ ကိုယ့်ဘာသာကိုယ်သာ မှန်းကြည့်ကြပါတော့။ The smelly and beautiful flower တဲ့။ နံလည်းနံ လှလည်းလှတဲ့ပန်းဆိုတော့ ဘာပန်းများပါလိမ့်။ Darling brother of The ‘ The‘ ဆိုတော့ သဲသဲရဲ့ အကိုလား မောင်လား မကွဲပြားပါ။ The sorrowful tree under the Kissing moonlight ဒါကတော့ လရောင်နမ်းတဲ့ ဘာပင်လည်း မသိ။ နောက်တစ်ခုက Please do not hesitate darling တဲ့။ The unmitigated golden country surrounded by the shining stars ကတော့ ကြယ်တွေ ၀န်းရံထားတဲ့ ရွှေတိုင်းပြည်လို့ ဆိုချင်တာလား မသိပါ။ King Lions' forces (power) which will rise up to the sky ဆိုပါလား။ Lion King ကိုပြေးမြင်မိသလိုလို။ နောက်တော့ ပြန်စဉ်းစားမိတာ ခြင်္သေ့တွေဘာတွေ ပါတဲ့ကားဆို ရင်တော့ ပြိုင်ခိုးပြီ တို့ရဲ့ ပေါ်လစီကား ဖြစ်လောက်တယ်လို့တော့ မှန်းလို့ရလိုက်ပါတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။ သိရင်လည်း ပြောပြသွားပေါ့။ အလုပ်မရှိ အလုပ်ရှာလို့ သွားမဖတ်နဲ့ပေါ့လို့ ပြောရင်လည်း ခံရမှာပါပဲ။ ဒါပေမယ့် ပြတဲ့လူက လာပြတော့ ကြည့်မိပြီး မနေနိုင်လို့ ခု ရေးမိပြန်ပါပြီ။ တကယ်တော့ အဲဒီဆိုက်မှာ မြန်မာကားနာမည်လေးတွေကို ဘေးက မြန်မာလို စာတန်းထိုးလေး ရေးပေး ထားရင် တောင် ဖတ်လို့ အဆင်ပြေမှာဖြစ်ပါတယ်။ ခုတော့ အင်္ဂလိပ်လို့ အကုန်အတိအကျပြန်ခါမှ မြန်မာတွေ သိတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားတွေလည်း ရယ်ချင်စရာ နာမည်တွေ ဖြစ်လို့နေပါတော့တယ်။

ရွှေဂျမ်းတစ်ယောက် ခုတလော နာမည်တွေနဲ့ သိပ်ကီးမကိုက်ဘူးဖြစ်နေပါတယ်။ လူနာမည် ရုပ်ရှင်နာမည်။ နောက်တစ်ခါဆို ဘာအမြင်မတော်တဲ့ နာမည်များတွေ့ပြီး ဘလော့ပေါ်မှာ ပြောမိဦးမလဲ မသိဘူး။

10 comments:

လင်း said...

လရောင်ဆမ်းတဲ့ အနမ်းပင်လယ်ထင်တာပဲ။ ကျန်တာတွေတော့စဉ်းစားလိုက်အုန်းမယ် ရုတ်တရက်ဆိုတော့ ထွက်မလာတော့ဘူး။ ဟိဟိ အဲဒိနာမည်တွေကို ဘယ်သူဘာသာပြန်ပေးသလဲတော့ သိချင်သား။
စကားမစပ် မှန်အောင်ဖော်နိုင်ရင် ဘာပေးမှာလဲ။

Honey said...

မှန်အောင်ဖော်နိုင်ရင် ပေါ်သွားတဲ့မှန်တာကြီးပေးလိုက်
:P
ဒေါ်ကြီးဂျမ်းက ဓါတ်ပုံတင်မက နေရာတိုင်းမှာ ထိထိမိမိရှိပါပေတယ်

ksanchaung said...

အဲဒီ့ ၀က်ဆိုက်ကို ကျွန်တော်လည်း ရောက်ဖူးတယ်။ ပြောပြန်ရင်လည်း ကိုယ်ပဲလွန်ရာကျမယ်။

ပထမတစ်ခုက “ကြယ်စင်တို့ လွှမ်းခြုံတဲ့ ရွှေရောင်တိုင်းပြည်” ဖြစ်လိမ့်မယ်။ “အမိကောင်းကင် ကြယ်စင်မောင်နှမ”ဆိုတဲ့ ပေါ်လစီကားနဲ့ ပတ်သက်မယ် ထင်တယ်။

နောက်တစ်ခုက “ကေသရာဇာအားမာန် ကောင်းကင်ယံ”၊ ဒါမှမဟုတ် နီးနီးစပ်စပ်တစ်ခုခုပေါ့။

Craton said...

မဂျမ်းရေ.. ကြည့်ဖူးသလောက်လက်တို့လိုက်မယ်။ "လရောင်နမ်းတဲ့အလွမ်းသစ်ပင်" ဆိုတာ ဂျပန်မှာထွန်းအိန္ဒြာဗိုလ် သွားပြီး ဂျပန်ကအလွမ်း(အမှန်ကပေါချာချာမျက်နှာနဲ့) မင်းသားနဲ့တွဲရိုက်ထားတဲ့ကားပါ။ တစ်ကားလုံးနီးပါး အင်္ဂလိပ်လိုပြောတာပါ။

"ကြယ်စင်ပတ်လည်ဝန်းရံနေသော အတိုင်းမသိရွှေပြည်"

"မိုးယံသို့လွင့်ပျံစေမည့် ကေသရာဇာတို့၏အားမာန်" ထင်တဲ့အတိုင်းပေါ်ပေါ် (ပေါ်လစီ) တွေပဲပေါ့ဗျာ။

နောက်တစ်ကားက "အမိကောင်းကင် ကြယ်စင်မောင်နှမ" ပေါ်ပေါ်ပါပဲ။

ရန်ကုန်မှာတုန်းက အားလုံးကြည့်ဖူးလိုက်ပါတယ်။ ကြည့်ချင်လွန်းလို့မဟုတ်ပေမယ့် ဘာတွေရွှီး.. အဲ.. ဘာတွေများအသစ်အဆန်းလေးတွေ မြင်ရမလဲဆိုပြီး ကြည့်ဖြစ်ပါတယ်။ ကျန်တဲ့ကားနာမည်တွေလည်း ကြားဖူးပါတယ်။ အတိအကျမမှတ်မိတော့ဘူး။

khin oo may said...

ခွေးသေးပန်း။ နံလဲနံ လှလဲလှတဲ့ပန်း။ ဒါဘဲသိတယ်။

ပုံရိပ် / Pon Yate said...

မဂျမ်းရယ် the smelly and beautiful flower ဆိုတာ ဖတ်ပြီးရယ်လိုက် ရတာ။ ဘာကားလဲတော့ မသိဘူး။ သိရင် ပြောပါဦး။
နောက်တခါကျရင် ဘလောက်တွေရဲ့ နာမည် အကြောင်း ရေးပေါ့ ဟဲ။

sin dan lar said...

ဟိ.. မမကေအိုအမ် မှန်းသွားတာကိုရယ်ချင်လို့

pandora said...

ရယ်လိုက်ရတာ ဟီး
ဖြစ်ရလေကွယ်။

mabaydar said...

ပထမဆုံးဒီဘလော့ကိုရောက်ပင်မဲ့ ဒီပိုစ့်နဲ့တင်ကြိုက်သွားပြီ.. Darling Brother of The` The` ဆိုတာကတော့ သဲသဲရဲ့ကိုကိုဖြစ်မှာပေါ့.. ဒါပေမဲ့ သူတို့ အဓိပ္ပါယ်ပြန်တာကိုကမှာနေတာပါ.. မြန်မာတွေမှာ ချစ်သူကိုလဲ ကိုကို။ ကိုရီးယားတွေက အကိုရော ချစ်သူရောကို အိုပါး ခေါ်ပေမဲ့ အင်္ဂလိပ်တွေမှာ အကိုနဲ့ ချစ်သူကို ကွဲကွဲပြားပြားခေါ်တာ ထိုဘာသာပြန်သူများမသိလေရော့သလား..

လူသစ် said...

ရွှေဂျမ်းဆိုတဲ့ နာမည်က သိတ်အမြင်မတော်ဘူးဗျာ :)