ဒီညနေ ရုံးကအပြန်မှာ ကောင်းကင်ကို မော့ကြည့်မိတော့ တိမ်တွေမရှိသလောက်ပဲ။ နေ၀င်ခါစ ကောင်းကင်ဟာ အပြာရောင်သန်းသလို နှင်းဆီရောင်တွေကလည်း ရောလို့။ ဆောင်းတွင်းမို့လို့ ထင်တယ်...တိမ်ကင်းစင်တဲ့ ကောင်းကင်လို့ ခေါ်ရလောက်အောင် တိမ်စ ခပ်သေးသေးတွေဟာ ဟိုတစ်မျှင် ဒီတစ်စလောက်ပဲ ရှိလေရဲ့။ ကောင်းကင်ရဲ့ တစ်ဘက် အစွန်မှာ အဝေးကို တရွေ့ရွေ့သွားနေတဲ့ လေယာဉ်လေးတစ်စီးနဲ့ သူဖြတ်သွားရာ တိမ်လမ်းကြောင်းတစ်ခု။ အဲဒီခပ်ဝေးဝေးက အဖြူအစင်းတန်းလေး မြင်ရုံနဲ့ အိမ်ကို ပြန်ချင်စိတ်က တန်း ရောက်လာတယ်။ တစ်ခါတစ်လေ တိမ်တွေကို ခိုစီးပြီး အိမ်ကိုပြန်သွားလို့ရလိုက်ချင်တယ်။ အိမ်နဲ့ အဝေး ရောက်နေတဲ့ သူများတွေရော အဲလိုမျိုးခံစားဖူးလား မသိဘူး။
အိမ်အပြန်လမ်းမှာ အတွေးတွေကလည်း အလွမ်းတွေနဲ့ ရောနေလို့ ကားကို မနည်းသတိထားပြီး မောင်းခဲ့ရတယ်။ ကောင်းကင်ကို မော့မော့ကြည့်ရင်း ထူးဆန်းတဲ့ စိတ်ဆိုတာကလည်း ကောင်းကင် လိုပဲလို့တွေးနေမိတယ်။ တိမ်တွေမြူ တွေကင်းနေတဲ့ ကောင်းကင်မှာ စိတ်ကြည်ကြည်လေးမှာ အိမ်ပြန်ချင်တဲ့ အလွမ်းတွေ ဖြတ်ပြေးသွားသလိုပဲခံစားလိုက်ရလို့ပါ။ အတွေး ရောင်စုံ တွေနဲ့ စိတ်ကောင်းကင် ပန်းချီကားမှာ နောက်ခံအရောင် တွေက အမျိုးစုံ။ အေးချမ်းနေချိန်မှာ မိုးပြာရောင်၊ တည်ငြိမ်နေချိန်မှာ နှင်းဆီရောင်သမ်းတဲ့ အပြာရောင်ဆိုရင် စိတ်ညစ်နေတဲ့ အချိန်တွေဟာ မီးခိုးရောင်သမ်းနေတာများလား။ ဒီကောင်းကင်ပေါ်မှာ ရှိတဲ့ တိမ်တွေကတော့ ဖြတ်သန်းသွားတဲ့ အတွေးတွေပေါ့။ ဟိုတစ်စ ဒီတစ်စ ခပ်သုတ်သုတ်ဖြတ်ပြေးသွားတဲ့ အတွေးတွေ ရှိသလို ခပ်ကြာကြာ တုံ့နှေးစွာ ဖြတ်နေတဲ့ တိမ်တောင်တွေကလည်း မကြာခဏ။ ရံဖန်ရံခါ မုန်တိုင်းလို ထစ်ချုန်းတဲ့ မိုးတိမ်တိုက်တွေ ဖြတ်သွားတဲ့ အခါတွေလည်း ရှိခဲ့ကြတာပဲ။ ကိုယ့်မိုးကောင်းကင်ဟာ အမြဲ ပြာမနေသလို အမြဲလည်း အုံ့မှိုင်းမနေဘူး။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ တိမ်တွေဆိုတာ ဖြတ်သန်းသွားကြရုံ သက်သက်ပါ။ တစ်ဖက်ကလည်း ပြာလွင်နေတဲ့ ကောင်းကင်ကို အမြဲလိုချင်လို့ မရနိုင်တာလည်း သေချာတာ တစ်ခုပေါ့။ ဒါ့ကြောင့် လာမယ့် နှစ်သစ်ရောက်တဲ့အခါ အရောင်အသွေးစုံတဲ့ ကိုယ့်ရဲ့ကောင်းကင်မှာ ပြာလွင်တဲ့ အချိန်တွေ များများရချင်ပါတယ်။ ဖြတ်သန်းသွားမယ့် တိမ်တွေဟာလည်း ပျော်မြူးစရာ တိမ်မျှင်တိမ်စလေး တွေပဲဖြစ်ချင်ပါတယ်။ တိမ်အမြဲကင်းစင်ဖို့ကတော့ မဖြစ်နိုင်ဘူး မဟုတ်လား။ မိတ်ဆွေတို့ရဲ့ ကောင်းကင် တွေလည်း လိုရာအရောင်အသွေး လိုရာတိမ်အတွေးတွေနဲ့ ပြည့်စုံနိုင်ကြပါစေနော်။

7 comments:
ကျေးဇူးပါမဂျမ်း.. ပေးတဲ့ဆုနဲ့ပြည့်ပါစေ.. ကွိကွိ..း)
ကောင်းကင်ပြာအသစ်လေးနဲ့လှပါ၏။ အပြာဆိုကြိုက်ကြိုက်လေ
အလွမ်းတွေဟာ တိမ်တွေလို
လွင့်ပါနိုင်ခဲ့ရင်တော့
ဂျမ်းပေးတဲ့ဆုနဲ့ ပြည့်နိုင်မယ်ထင်ပါရဲ့ 
ကားမောင်းနေတုန်း ကောင်းကင်ကို မမော့ကြည့်ပါနဲ့ ဂျမ်းရေ။ တနေရာ မှာ ရပ်ပြီး ကြည့်နော်။ နှစ်သစ်မှာ အရောင်တွေစုံတဲ့ ကောင်းကင်ကို ကြည်ကြည်လင်လင် တွေ့ချင်ပါတယ်။
အဆင်ပြေချမ်းမြေ့ပါစေ.
မဂျမ်း ပုံရိပ်လည်း အဲလို ခံစားဖူးတယ်။ လေယာဉ်ပျံကို အဝေးက သဲ့သဲ့လေး မြင်ပြီး အိမ်ပြန်ချင်စိတ် ပေါ်ဖူးတယ်။ ကားမောင်းတာလည်း သတိထားနော်။ :D
ဟုတ်တယ်.. အဲလိုဖြစ်တတ်လို့ လေယာဉ်ကွင်းနားကိုမသွားတာ... နှစ်သစ်မှာ ကောင်းကင်ပြာတွေ အများကြီးရှိပါစေ...
ပုံရိပ်ပြောသလို ကားတော့ သတိထားမောင်းပါနော်.. :P
Happy new year
Post a Comment