Sunday, December 21, 2008

Capturing shadows

အခုနောက်ပိုင်း ဘလော့လောကမှာ ဓါတ်ပုံပို့စ်တွေ ပိုခေတ်စားလာသလို ထင်မိပါတယ်။ တစ်ချို့ပို့စ်တွေက စာတင်မကဘဲ ပုံလေးပါပါရင် ပိုအသက်ဝင်သွား တတ်တာမို့ ဘလော့ဂါတွေဟာ ပရော်ဖက်ရှင်နယ် ကင်မရာတွေနဲ့ ရိုက်ကြသလို ဖုန်းကင်မရာနဲ့ ရိုက်တဲ့လူတွေကလည်း ရိုက်ကြ ပါတယ်။ အဓိက က ရိုက်ချင်တဲ့ အချိန်တဒင်္ဂ လေးကို အချိန်မီရိုက်လိုက်မိဖို့နဲ့ ပြန်မျှဝေချင်တဲ့ လူတွေနဲ့ မျှဝေနိုင်ဖို့ပဲ မဟုတ်လား။ ကျွန်မ ဓါတ်ပုံရိုက် (photography) ၀ါသနာ ပါတာ အရင်တုန်းက ပို့စ်တွေမှာလည်း ရေးခဲ့ဖူးသလို ကျွန်မ ရိုက်တဲ့ ဓါတ်ပုံ လေးတွေ တစ်ချို့ကိုလည်း ဘလော့မှာ တင်ရင်း မျှဝေနေကျ ဖြစ်ပါတယ်။

အဲဒီ ဓါတ်ပုံ ၀ါသနာ ပိုးဟာ လွန်ခဲ့တဲ့ ၆နှစ်ကျော်က တက်ခဲ့တဲ့ ဓါတ်ပုံသင်တန်းက စခဲ့ပါတယ်။ ၀ါသနာပါလို့ စမ်းပြီး အတန်းတက်မယ်လုပ်တော့ ကင်မရာ ကောင်းကောင်း တစ်လုံးလိုပါ တော့တယ်။ အဲဒီအချိန်က SLR ကင်မရာ တစ်လုံးကို လေးငါးခြောက်ရာ ဆိုတာ ကျွန်မအနေနဲ့ ၀ယ်နိုင်တဲ့ အခြေအနေမီဖို့ ဝေးစွ ဒစ်ဂျစ်တယ်ကင်မရာလေးတစ်လုံးကိုတောင် ခြစ်ခြုတ်ပြီး ၀ယ်ခဲ့ရတာပါ။ ဖြစ်ချင်တော့ အဖေ့မှာ Canon SLR လေးတစ်လုံးရှိတာမို့ အဖေ့ကင်မရာကို ငှားပြီး သင်တန်းတက်ခဲ့ ရပါတယ်။ သင်တန်းက Introduction to Photography (B&W) ဆိုတော့ ဓါတ်ပုံပညာနဲ့ ပါတ်သက်လို့ အခြေခံတွေပေးတဲ့ အဆင့်မှာပဲ ရှိပါတယ်။ အဖြူအမည်း ဓါတ်ပုံရိုက်နည်းအတွက် လိုအပ်တဲ့ အယူအဆတွေ၊ ရိုက်ကွင်း အရာဝတ္ထုရွေးချယ်မှုတွေက စပြီး ဖလင်ဆေးနည်း၊ ဓါတ်ပုံကူးနည်း စတာတွေကို သင်ခဲ့ရပါတယ်။ slide အတွက် ဓါတ်ပုံရိုက်နည်း၊ မိမိတို့ portfolio အတွက် ဓါတ်ပုံရိုက်နည်း၊ self portraitရိုက်နည်း တွေပါ သင်ခဲ့ရပြီး မိမိတို့ ဓါတ်ပုံတွေ အပါအ၀င် သူများဓါတ်ပုံတွေကိုပါ ဝေဖန်တတ်ဖို့ critique လုပ်နည်းတွေပါ သင်ပေးပါတယ်။ ဆရာမရဲ့ စိတ်ရှည် ပွင့်လင်း တဲ့ ဝေဖန်မှုတွေအောက်မှာ အတန်းက အရမ်းပျော်စရာကောင်းခဲ့ပါတယ်။ နွေရာသီသင်တန်းမို့ နေ့ဓါတ်ပုံရိုက် ညနေဆို အမှောင်ခန်းထဲမှာ သူငယ်ချင်းတွေ တရုန်းရုန်းနဲ့မမောမပန်း ဓါတ်ပုံတွေကူးခဲ့ကြပါတယ်။ Self-portrait ရိုက်တုန်းကဆို ကျောင်း စတူဒီယိုထဲက မီးတွေ ထီးတွေ ထရိုင်ပေါ့ဒ်တွေ တသီကြီးသယ်ပြီး ကိုယ့်အိမ်မှာကိုယ် ရိုက်ကြရပါတယ်။ ဆရာမခိုင်းတဲ့ assignment တစ်ချို့က ခက်တာတွေ ခက်ပေမယ့် စိတ်ဝင်စားပြီး ပျော်ခဲ့ကြလို့ မောတယ် တောင် မထင်ခဲ့ကြပါဘူး။ ကိုယ်ရိုက်ထားတဲ့ ဓါတ်ပုံတွေကို သူများတွေက ဝေဖန်တာ နည်းနည်းတော့ လန့်ချင်စရာဖြစ်ပေမယ့် ကိုယ်ပညာရဖို့အရေးမို့ ၀ိုင်းပြီး အားပေးဝေဖန်ကြတာ တကယ်တော့ ၀မ်းသာဖို့တောင် ကောင်းပါသေးတယ်။

ဒီသင်တန်းမှာ သတိထားမိခဲ့ တာကတော့ စရိတ်ကြီးတာပါပဲ။ ခုခေတ်လို ဒစ်ဂျစ်တယ်ကင်မရာတွေနဲ့ မကြိုက်မချင်းရိုက်ပြီး ရွေးကူးလို့ ရတဲ့ အခြေအနေလည်း မရှိခဲ့ပါဘူး။ ကျောင်းက စတိုးဆိုင်မှာ ဖလင်တွေ ကူးဖို့ ဓါတ်ပုံစာရွက်တွေကို ၀က်ဝက် ကွဲ ၀ယ်ပြီး စိတ်တိုင်းမကျမချင်း ရိုက်ကြ ကူးကြလုပ်ခဲ့ရပါတယ်။ စိတ်တိုင်းမကျမချင်းလို့ဆိုတဲ့အတွက်လည်း အချိန်လည်း အင်မတန်ပေးရပါတယ်။ အပေါ်ယံအားဖြင့် ဓါတ်ပုံတစ်ပုံကို ကြည့်လိုက် ရင်တော့ ဒါလေးများကွာ ကလေးတောင် ရိုက်တတ်သေးတယ်လို့ ထင်ချင်ထင်ရမှာ ဖြစ်ပေမယ့် ဓါတ်ပုံတစ်ပုံတိုင်းရဲ့အနောက်မှာ အားထုတ်မှုတွေ ပါနေတယ် ဆိုတာ ကင်မရာကိုင်သူတွေ ကောင်းကောင်း နားလည်ကြမှာပါ။ အထူးသဖြင့် snapshot အနေနဲ့သာ မဟုတ်ဘဲ မိမိအမြင်ကို သူများတွေနဲ့ မျှဝေဖို့ ကြိုးစားရိုက်ကြတဲ့ ဓါတ်ပုံသမားတိုင်း ခံစားလို့ရကြမှာပါ။ ကျွန်မကိုယ်တိုင်လည်း အချိန်ရရင် ရသလို လေ့လာဆဲ ဓါတ်ပုံဝါသနာရှင်တစ်ဦးဖြစ်တာမို့ သူများတွေ ကြိုးစား အားထုတ်ပြီး ရိုက်ထားတဲ့ ဓါတ်ပုံတွေတွေ့ရင် သဘောကျမိတတ်ပါတယ်။ ကျွန်မရိုက်ထားတဲ့ ဓါတ်ပုံတွေကို လည်း ကြုံရင် ကြုံသလို မျှဝေပါဦးမယ်။ ဒီပို့စ်နဲ့အတူ တင်ထားတဲ့ ပုံလေးတွေကတော့ အဲဒီ ဓါတ်ပုံပညာ အတန်း တက်တုန်း က ရိုက်ခဲ့တဲ့ အရိပ်တွေအကြောင်း ပုံလေးတွေပါ။ ကြိုက်သလို ဝေဖန်သွားနိုင်ပါတယ်နော်။ ကိုယ်တိုင် ကြိုးစားပြီး ရိုက်ထားခဲ့ရတဲ့ ပုံတွေမို့လို့ မတော်တဆ ယူသုံးချင်ခဲ့ရင်တော့ ကြိုတင်ခွင့်တောင်းဖို့ ပြောချင်ပါတယ်။

6 comments:

ပုံရိပ် / Pon Yate said...

မဂျမ်းရဲ့ နောက်ဆုံးပုံက ဘယ်မှာများ ရိုက်ထားတာပါလိမ့် အမြင်ဆန်းတယ်။ ပုံရိပ်တော့ ဓာတ်ပုံ ပညာ အကြောင်း နားမလည်လို့ မဝေဖန်တတ်ပါ။

လင်း said...

ဓါတ်ပုံပညာ အကြောင်း ဘာမှ နားမလည်။ ဓါတ်ပုံတပုံကိုကြည့်ပြီး ကြည့်လို့ ကောင်းတာ မိုက်တာ လှတာ ဒါဘဲသိတယ် ဟိဟိ ။ အယူအဆ၊ အလင်းအမှောင် ဘာညာသာရကာ တခုမသိအောင် ထုံပါသည်။ သင်တန်းပြန်ပေးပါလား

ThuHninSee said...

ဓါတ်ပုံရိုက်တာ ၀ါသနာပါတယ်။
ပညာရှင်လိုမျိုးတော့ မသိဘူး။
ပုံဖြစ်ရင်ပြီးရော ရိုက်တာများတယ်။

khin oo may said...

:D

honey said...

အမ
လျှိုထားတာတွေ မကုန်သေးဘူး ထုတ်ပြဦး (ဓါတ်ပုံ)

imaginary clouds no 2 said...

နောက်ဆုံးပုံကို ပထမကြည့်တော့ ဘယ်နေရာမှန်းမသိဘူး ။ နောက်မှ သိသွားတယ် ။ ဒါပေမယ့် လှေကားထစ်ပုံကို ပိုကြိုက်တယ် ။ ဖွဲ့စည်းပုံကြောင့်ထင်တယ် ။ ရိုက်ထားတဲ့ ပုံတွေထပ်တင်ပေးပါလား ကြည့်ချင်လို့တောင်းဆိုတဲ့သဘောပါ ။