ဒီနေ့တော့ ဖတ်လိုက်ရတဲ့ သတင်းက ဓါတ်ပုံပါ ပါတဲ့ မိုးမခက သတင်းပါ။ နေပြည်တော်တွင် ရေခဲငှက်များရှိတဲ့။
အေးတဲ့အရပ်က တိရိစ္ဆာန်လေးတွေကတော့ ကိုယ့်ဇာတိမဟုတ်တဲ့ ပူတဲ့အရပ်မှာ ရောက်လာပြီး ၂၄နာရီ လေအေးပေးစက်နဲ့ အေးအေးသက်သာနေနေကြ။ ကိုယ့်မြေကိုယ့်ရွာ ကိုယ့်ဇာတိမှာ မွေးဖွားကြီးပြင်းလာတဲ့ လူတွေကတော့ မုန်တိုင်း နှိပ်စက် အပြီး မှာ ၂၄နာရီ မီးရှိဖို့ ဝေးစွ နေစရာအိမ်ခက်ခဲကြ၊ စားစရာ ၀မ်းစာ ခက်ခဲကြ၊ ဆွေမျိုး မိသားစုတွေ ပျောက်ဆုံးကြ၊ အကူအညီတောင်းဖို့ ခက်ခဲကြ၊ အကူအညီရဖို့ ခက်ခဲကြ။ ဖတ်ရ ကြားရတာ တလွဲတွေ ဖြစ်နေသလိုပဲ။
တိရိစ္ဆာန်လေးတွေကို သနားတတ်တဲ့ ကျွန်မ အရင်တစ်ခါကလည်း တိရိစ္ဆာန်ဥယျာဉ်ကို ရန်ကုန်ကနေ နေပြည်တော်ကို ရွှေ့တဲ့အကြောင်း ဒီပို့စ်မှာ ရေးဖူးပါတယ်။ လာလည်ကြည့်ရှုမယ့်လူ နည်းပါးလိုက်လေမယ့် ဒီတိရိစ္ဆာန်ရုံမှာ ပင်ဂွင်းအပါအ၀င် ကျားဖြူတွေ သားပိုက်ကောင်တွေ စုံအောင်ကို ထားရှိတယ်လို့လည်း သတင်းတွေထဲမှာ ဖတ်ခဲ့ရပါတယ်။ ဒါနဲ့ပါတ်သက်လို့ နယူးယောက်တိုင်းမ်စ်က ဆောင်းပါးတစ်ခု ထဲမှာအခုလို ရေးထားပါတယ်။ `တစ်နေ့တာ အတွင်း တိရိစ္ဆာန်ဥယျာဉ်ကို လာရောက် အပန်းဖြေကြည့်ရှုသူ ဦးရေထက် အကြည့်ရှုခံ တိရိစ္ဆာန်ဦးရေက ပိုများပါတယ်။ တိရိစ္ဆာန်ရုံဝင်းအပြင်ဘက် ကိုရောက်ရင်ဖြင့် လယ်သမားတွေဟာ ယိုင်ယဲ့ယဲ့ တဲငယ်လေးတွေထဲမှာ နေထိုင်ရင်း ကျွဲတွေနဲ့ လယ်ထွန်စိုက်ပျိုးနေကြတာ တွေ့ရမှာပါ။ ဒီလိုအခြေအနေမှာ တိရိစ္ဆာန်ရုံကို တွေ့ရတာဟာ အပူပိုင်း သစ်တောထဲမှာ ပင်ဂွင်းတွေကို တွေ့ရသလိုမျိုးဖြစ်နေပါတယ်။´ (ဒီနေရာမှာ ဆောင်းပါးရှင်က မမျှော်လင့် ထားတဲ့အခြေအနေကို မြင်ရတယ်လို့ တင်စားပြောတာပါ။ အခုတော့ လက်တွေ့မှာကိုပဲ နေပူပူ ဖုန်ထူထူ အရပ်မှာ ပင်ဂွင်းတွေရောက် နေပြီ ဆိုတော့ နောက်ဆို တခြားသာဓက ရှာရပေလိမ့်တော့မယ် ထင်ပါတယ်။) ဈေးသည်တစ်ယောက်ဆို `ဒီတိရိစ္ဆာန်ရုံက အစိုးရ က စိတ်ကူးယဉ်တာပါ (မြန်မာလို ရိုင်းရိုင်းပြောရရင်တော့ အရူးထတာပါလို့ ပြောတယ်ထင်ပါတယ်။)၊ ရောင်းလည်း မကောင်းပါဘူး။ ဒီအနီးတ၀ိုက်ကလူတွေက ရွာသူရွာသားတွေ။ သူတို့မှာ အပျော်သုံးဖို့ ပိုက်ဆံမရှိကြပါဘူး။´လို့ ပြောပါတယ်။ သေချာတာပေါ့။ လူတွေ ထမင်းဝ မီးရ အဆင်ပြေကြတဲ့နေ့ကျရင်တော့ ပင်ဂွင်းမကလို့ ပိုလာဝက်ဝံခေါ်ထားထားပေါ့နော်။ ကိုယ့်တိုင်းပြည်က လူတွေ ထမင်းစားဖို့တောင် အနိုင်နိုင် ကျပ်တည်း နေကြချိန်၊ မုန်တိုင်းဒါဏ် ခံထားရတဲ့ ပြည်သူတွေကို ပြည်သူတွေကပဲ ရှိစုမဲ့စုထဲက ခွဲဝေကြ လှူဒါန်းကြ လုပ်နေကြချိန်၊ ကမ္ဘာအရပ်ရပ်က နိုင်ငံပေါင်းစုံ အဖွဲ့အစည်းပေါင်းစုံက ကိုယ့်တိုင်းပြည်ရဲ့ သဘာဝဘေးအန္တရယ်အပြီး လူမှုရေးဒုက္ခတွေကို ၀ိုင်းဝန်း ကူညီနေရချိန်မှာတော့ အင်း ဘယ်လိုပြောရမလဲ မသိ ... စကားပုံတွေကို ခေတ်မီအောင် အမြင်မတော် နေပြည်တော်နဲ့ ပင်ဂွင်းလို့ ပြောရမလား၊ မယောင်ရာ ဆီလူးလို့ ပြောရမလား၊ ပြောစရာ စကားပုံတောင် မရှိအောင်ဖြစ်ရပါတော့တယ်။
Read More...
Collapse...