သူက ကျွန်မကို အပြစ်တင်တယ်။
မဆေးရသေးတဲ့ ပန်းကန်တွေ ဘာလို့ထားခဲ့လဲတဲ့
မဆေးကျောရသေးတဲ့ အတွေးအမြင်တွေရဲ့ ပိုင်ရှင်က ပြောတယ်
ပြောပါစေ.. သူကိုယ်တိုင်မဆေးရပဲ ကျွန်မပဲ ဆေးကျောပေးနေကြကိုး။
မလျှော်ရသေးတဲ့ အ၀တ်တွေ ပုံနေတာပဲတဲ့
မလျှော်ဖွတ်ရသေးတဲ့ စိတ်ဓါတ်တွေရဲ့ ပိုင်ရှင်ကပြောတယ်
ပြောပါစေ.. သူကိုယ်တိုင်မလျှော်ရပဲ ကျွန်မပဲ လျှော်ပေးနေကြကိုး။
မရှင်းရသေးတဲ့ အခန်းက ပွနေတာပဲတဲ့
ရှုပ်ပွနေတဲ့ ဘ၀ရဲ့ပိုင်ရှင်ကပြောတယ်
ပြောပါစေ သူကိုယ်တိုင် ရှုပ်ပွအောင် လုပ်ခဲ့တဲ့ ဘ၀တွေထဲ ကျွန်မဘ၀လဲ ပါသကိုး။
မင်း ငါ့ကို မလေးစားဘူးတဲ့
သူများကို မလေးစားတတ်တဲ့ သူက ပြောတယ်
ပြောပါစေ သူ့ဘာသာသူတောင် မလေးစားတာပဲကိုး။
မင်းက ငါ့လို မဖြူစင်ဘူးတဲ့
အရောင်ညစ်နေတဲ့ ဘ၀အင်္ကျီပိုင်ရှင်ကပြောတယ်
ပြောပါစေ ကိုယ့်ဘ၀ညစ်ကိုယ် လျှော်မလျှော် ဘုရားကခေါ်တော့ သိလိမ့်မယ်လေ။
Monday, September 29, 2008
ပြဒါးပျက်မှန်ရဲ့ အခြားတစ်ဖက်
Posted by
ရွှေဂျမ်း
at
11:45 PM
6
comments
Labels: ကဗျာ
Wednesday, September 24, 2008
ဖြစ်သလို
မလင်းက ဖြစ်သလိုစားတာတွေကို ရေးခိုင်းလာတယ်။ ခက်တာပဲ ဖြစ်သလိုစားတာတွေက အများကြီးရယ်။ မြန်မာထမင်းဟင်းကို စားချင်ပေမယ့် အနီးအနားမှာ မြန်မာဆိုင်ကလည်း မရှိလေတော့ ၀ယ်စားဖို့ကလည်း မလွယ်။ မြန်မာစာ မပြောနဲ့ အာရှအစားအစာတောင် ကောင်းကောင်းကန်းကန်းက ရှားလေတော့ သူများတွေလို ဆိုင်တွေ ပတ်ပြီး ရှာဖွေစားသောက်ဖို့ကလည်း မလွယ်။ ဒီတော့ ရွှေဂျမ်းရဲ့ ဖြစ်သလိုတွေက သနားဖို့တောင် ကောင်းမလား မသိဘူး။ (သနားပြီး ချက်ကျွေးကြမလားလို့ စကားခေါ်ကြည့်တား) )
အများဆုံး စားဖြစ်တဲ့ ဖြစ်သလိုကတော့ လက်ဘက်နဲ့ ထမင်းနဲ့ပါ။ လက်ဘက်ကြိုက်တာကို အရင်တုန်းက လည်း ဒီပို့စ်မှာ ရေးခဲ့ဖူးပါတယ်။ အကြော်တွေနဲ့ လက်ဘက်သုပ်လိုစားတာမျိုး မဟုတ်ဘဲ အဘွားစားသလို လက်ဘက်အသားလေးတွေနဲ့ ထမင်းကို နယ်စားတာပါ။ ထမင်းဖြူရှိလို့ကတော့ အိမ်က ပို့ပေးထားတဲ့ ငါးပိကြော်၊ ငါးခြောက်ကြော်၊ ငါးပိထောင်းတွေနဲ့လည်း စားတတ်ပါတယ်။ ဗိုက်ဆာနေရင် ထမင်းစားတာက အာသာအပြေဆုံး စားစရာမို့ မြန်မာစားစရာ အခြောက်အခြမ်းတွေနဲ့ဆို ကျွန်မအတွက် ဘယ်လိုစားစား စားလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာစားစရာ ရိက္ခာတွေ ပြတ်ခါနီးရင် ရွှေဂျမ်းတစ်ယောက် panic ဖြစ်တတ် ပါတယ်။
ထမင်းပြီးရင် အစားဖြစ်ဆုံး ဖြစ်သလို စားစရာကတော့ ခေါက်ဆွဲပြုတ်ပေါ့နော်။ ခေါက်ဆွဲပြုတ်တွေစားရင် ဆံပင်တွေ ကျွတ်တတ်လို့ တံမြက်စည်းလို့ ခေါ်တဲ့အကြောင်းလည်း ဒီပို့စ်မှာ ရေးဖူးပါသေးတယ်။ အဲလိုတွေ ကြားဖူးလို့ မစားတာတော့ မဟုတ်ပါဘူး။ ရုံးကပြန်လာလို့ ချက်ပြီးသား ၀ယ်ပြီးသား မရှိရင်၊ ချက်ပြုတ်ဖို့ မောလာရင် ပထမဆုံးပြေးမြင်တာ ခေါက်ဆွဲပြုတ်ထုပ်လေးပေါ့။ အရင်ကတော့ မာမားတို့ ပါပါးတို့ အဲ ဟုတ်ပေါင် မာမားခေါက်ဆွဲထုပ်တို့ ဝေေ၀တို့ စတဲ့ ယိုးဒယားခေါက်ဆွဲထုပ်တွေကို အမြဲစားခဲ့တာပေါ့။ အကြိုက်ဆုံးကတော့ ချဉ်စပ်။ ခုနောက်ပိုင်းတော့ အချိုမှုန့်တွေ အတောင့်လိုက် မမြင်ရတဲ့ (ပိုညက်အောင် ထောင်းထားလေတာလားတော့ မသိ)ကိုရီးယား ခေါက်ဆွဲထုပ်တွေကို မျက်စိကျပြီး ပိုစားဖြစ် နေပြန်ပါတယ်။ ကိုရီးယားခေါက်ဆွဲထုပ်က ပိုကြီးပြီး ရေညှိခြောက်လေးတွေလည်းပါတော့ ပိုစားလို့ကောင်း တယ်လေ။ ရုံးကအပြန်မှာ ချက်ချင်ပြုတ်ချင်စိတ်လေးလည်းရှိ ချက်ဖို့ အင်အားလေးလည်းရှိတယ်ဆိုရင်ဖြင့် ချက်ပါတယ် (ဟင်းပြောတာနော် ဟင်း)။ ဘာချက်လဲဆိုတော့ ရှိတဲ့ အသီးအရွက်လေးတွေကို ခရုဆီနဲ့ ကြော်ပါတယ်။ spaghetti လို မျိုး ချက်ရလွယ်ကူတဲ့ pasta တွေချက်စားပါတယ်။ ဒီနေ့တောင် pasta ချက်ဖြစ်ပြီး အမှုန့်လေးတွေ ဖြူးစားတယ်လေ။ အမှုန့်လေးတွေဆိုလို့ parmesan cheese မထင်နဲ့နော်။ စပ်ချင်လို့ ဒေါ်ထွေးငရုတ်သီးမှုန့်တွေ ဖြူးစားလိုက်တာ။ ရွှေဂျမ်းရဲ့ signature pasta ပေါ့နော်။း) ဗိုက်သိပ်မဆာတဲ့ ညတွေမှာတော့ chips နဲ့ salsa ခပ်စပ်စပ်ကို တို့လို့ပဲ စားဖြစ်တတ်ပါတယ်။ ပုလင်း အေးအေးလေး ဘေးမှာထားလို့ပေါ့။ pepsi ပုလင်းပြောတာနော်။ ဘာမှကို မစားချင်တဲ့နေ့တွေမှာတော့ မိုင်လိုတစ်ခွက်နဲ့ ပြီးသွားရော။
ဘာမှ မချက်တဲ့နေ့မှာတော့ အနီးအနားက ဆိုင်တွေကိုပြေးပြီး ၀ယ်စားလိုက်တာပေါ့နော်။ ရုံးကပြန်ချိန်မှာ စားသောက်ဆိုင်ထဲ စိမ်ပြေနပြေ ထိုင်စားလောက်အောင် စိတ်ကလည်း မရှည်၊ ဘတ်ဂျက်ကလည်း ခွင့်မပြုလေတော့Costco က ပီဇာစားလိုစား၊ ၀ိတ်တက်မှာ မကြောက်လောက် အောင် မိုက်မဲတဲ့နေ့တွေကျ တော့ ဘာဂါတွေ တုပ်လိုတုပ်၊ ကားပါကင် ရှာဖို့ စိတ်ရှည်တဲ့နေ့ မျိုးမှာတော့ mall ထဲ က food court မှာ စိတ်ကူးပေါက်ရာ အုပ်လိုအုပ်ပေါ့။ တရုတ်စားသောက်ဆိုင်တွေကလည်း ကျွန်မတို့မြို့ မှာက သိပ်ပြီး မကောင်း လှဘူး။ ဒီတော့ တရုတ်စာလို့ အမေရိကန်တွေ ယုံကြည်စားသောက်နေကြတဲ့ ဆိုင်တွေမှာပဲ အလွယ် ၀ယ် စားလိုက်တဲ့ နေ့တွေလည်း ရှိပါသေးတယ်။ ကယ်လက်စထရောလ်ဟင်းတွေလို့ ခေါ်ရလောက်မယ့် ၀က် ဆီတွေ ပါတတ်တဲ့ မက်ဆီကန်အစားအသောက်တွေကတော့ ကောင်းလည်းကောင်း ပေါလည်းပေါမို့ စားရလွယ်တဲ့ burrito တွေလည်း စားဖြစ်တယ်ပေါ့။ sandwich ကောင်းကောင်းစားချင်တဲ့ အခါမျိုးမှာတော့ Quizo's ဆိုတဲ့ဆိုင်က sandwich တွေ ၀ယ်စား ဖြစ်ပါတယ်။ နောက်တမျိုး အလွယ်လိုက် တာကတော့ ဘူဖေးဆိုင်ကနေ စားချင်တာတွေကို ဖော့ဘူးထဲထည့်ပြီး ပေါင်ချိန်နဲက ၀ယ်စားတာပါ။ တရုတ်ဆိုင်မှာလို တစ်မျိုးနှစ်မျိုးထဲ မဟုတ်ဘဲ အစုံစားရတာပေါ့နော်။ ရုံးထမင်းစားချိန်မှာတော့ ကားနဲ့အပြင် ထွက်စားရင် ပါကင်ပြန်ရှာရတာ ခက်လွန်းလို့ အိမ်က ထမင်းဘူးထည့်မလာတဲ့နေ့တွေမှာ အနီးအနားက ဆိုင်တွေမှာပဲ လှည့်ပတ်စားသောက်ပါတယ်။ တခါတလေကျ နေ့လည်ဖက် ထွက်စားလိုက်ရင် ပိုလို့ ဘူးနဲ့ ထည့်လာတာကပဲ ညစာဖြစ်သွားတဲ့နေ့တွေလည်း ရှိပါတယ်။ တခါတလေ (တကယ့်ကို တခါတလေ) ၀မှာကြောက်လို့ဆိုပြီး ယုန်စာတွေလည်း စားပါတယ်။ အရွက်စိမ်းတွေမျိုးစုံမို့ salad ကို ကျွန်မက ယုန်စာလို့ လည်း ခေါ်လေ့ရှိပါတယ်။ စားကောင်းတဲ့ အခါတွေရှိသလို မြန်မာစာတွေလို အသီးအရွက်သုပ်တွေနဲ့များ တခြားစီဆိုပြီး စိတ်ပျက်မိတဲ့အခါတွေလည်း ရှိပါတယ်။
ခုတလော အလုပ်များတော့ အစားအသောက်ကို ဂရုတစိုက်မစားဘဲ ဖြစ်သလို ပိုစားဖြစ်နေတာ ကိုယ့်ကိုယ်ကိုလည်း သတိထားမိပါတယ်။ ကျန်းမာရေးအတွက် အစားအသောက်က အစ မျှတအောင် စားသင့်တယ်ဆိုတာလည်း မသိလို့တော့မဟုတ်။ ခုတလော ပြေးလွှားနေရသလို ခံစားနေရလောက်အောင် အလုပ်တွေက နည်းနည်းရှုပ်နေသေးတာမို့ ဖြစ်သလိုတွေနဲ့ ခဏတော့ တွေ့နေရဦးမယ်ထင်ပါရဲ့။ နည်းနည်းလေး ပြန်အချိန်ရလာတဲ့အခါကျရင်တော့ ချက်စားပစ်လိုက်ဦးမယ် လွမ်းနေတဲ့ ပဲနှပ်တို့ အချဉ်ဟင်းတို့ ငါးပိချက်တို့... ။
Posted by
ရွှေဂျမ်း
at
10:42 PM
4
comments
Labels: tag
Friday, September 12, 2008
ပျံလွမ်းဆဲ ငှက်ငယ်
အပျံသင်စအရွယ်မှာ
တောင်ပံတွေ ကြွပါလို့
မိုးတိမ်တွေ အားကျရင်း
အသိုက်ကထွက်ခဲ့တာ။
ဒီလိုနဲ့ ငှက်ငယ်ဟာ
လေဝေ့ရာ လူးလွန့်ခတ်ရင်း
ရောက်လုပြီ တိမ်နေမင်းရယ်နဲ့
အားဆက်ခဲ့ရှာ။
မုန်တိုင်းရယ်လာ
ခိုစရာ အသိုက်ပင်ရှိပါသော်လည်း
ယိုင်နဲ့ကာ မခိုင်မာလေတော့
ထွက်ခဲ့ရပြန်တစ်ခါ။
နားဦးမယ်ကြံတဲ့ အခါ
အသိုက်စစ်ဟာ ဘယ်မှာရှိပါလိမ့်
အလံမလှဲပါ
ပျံဆဲမှာ
အသိုက်ဟောင်းကို မြင်ယောင်မိရင်တော့
ချန်ရစ်အိမ် တမ်းတစိတ်ရယ်နဲ့
လွမ်းမျက်ရည်ဝဲ။
ရွှေဂျမ်း
Posted by
ရွှေဂျမ်း
at
11:31 PM
6
comments
Labels: ကဗျာ
Monday, September 8, 2008
တူမလေးရောက် ရွှေဂျမ်းပျောက်
ခုတလော စာမရေးဖြစ်တာ တော်တော်ကြာသွားပါတယ်။ ရုံးအလုပ်တွေကမအားရတဲ့အထဲ အိမ်ပြောင်း တာရယ်၊ တူမလေးက လာလည်နေတာရယ်ကြောင့် ပြောပါရစေဆိုတဲ့ ရွှေဂျမ်းတစ်ယောက် ဘာမှမပြောနိုင်တဲ့အပြင် ကိုယ့်ဘလော့ကိုယ်တောင် မရောက်အားဖြစ်နေခဲ့ပါတယ်။
မြန်မာပြည်က ဘိုကျောင်းတက်တဲ့ ကလေးတွေ မြန်မာစာကို လည်လည်ဝယ်ဝယ် မတတ်ကြတဲ့အကြောင်း ဒီပို့စ်မှာ ရေးတုန်းက တူမလေးအကြောင်းကို ထည့်ရေးခဲ့ဖူးပါတယ်။ အခု အဲဒီ တူမလေးတစ်ယောက် ကျောင်းတက်ဖို့ ဒီကို ရောက်လာပါပြီ။ သူရောက်လာတဲ့အချိန်အတွင်းမှာ သူ့ကို လေဆိပ်မှာကြို၊ ရောက်လာတော့လည်း ကိုယ့်အရပ်က လည်ပတ်စရာလေးတွေကို ရောက်ဖူးအောင် လိုက်ပို့ရ၊ ဈေးဝယ်ဖို့ လိုက်ပို့ပေးရနဲ့ တော်တော်ကို မအားလိုက်ရပါဘူး။
တူမလေး စရောက်တဲ့ညက သူ့ကို လေဆိပ်မှာသွားကြိုတော့လည်း လေယာဉ်ဆိုက်ပြီး တော်တော်နဲ့ ထွက်မလာလို့ တော်တော်မျှော်လိုက်ရပါတယ်။ ပထမဆုံး ဒီကိုလာတာဆိုတော့ အပြင်က စောင့်နေရတဲ့ ကိုယ့်မှာတော့ ဘာတွေများ စစ်ဆေးနေလို့လဲ၊ သေတ္တာတွေဖွင့်စစ်လို့ မြန်မာစာတွေများ လွှင့်ပစ်လိုက်လေမလား စသဖြင့် ပူရတာပေါ့နော်။ နောက်ဆုံးမှ သေတ္တာကြီးတွေကို မနိုင်မနင်းတွန်းပြီး ထွက်လာတဲ့ ပိန်ပိန်သေးသေးတူမလေး က ထွက်လာပါတော့တယ်။ သူ့ကို ဘာမှတော့ မစစ်ဆေးပါဘူး။ ဘယ်ကျောင်းတက်မလဲ ဘာမေဂျာလဲလောက်သာ နည်းနည်းပါးပါးမေး ကံကောင်းပါစေပြောပြီး လွှတ်လိုက်ပါတယ်။ သူ့ကို ကြိုပြီး ကျွန်မနေတဲ့ မြို့ကိုရောက်တော့ ည သန်းခေါင်တောင် ရှိပါပြီ။ ကျွန်မနဲ့ အဖော်လိုက်ပေးတဲ့ မိတ်ဆွေ ညီမလေးတို့က ညစာမစားရသေးတော့ ကြက်တောင်ပံကြော် ရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို ၀င်ပြီး ခဏ၀င်စားကြရပါတယ်။ တူမလေးကို ပင်ပန်းလာမလား အောက်မေ့ပါတယ် သူက အချိန်တွေကလည်း နေ့နဲ့ညပြောင်းပြန် ငယ်ကလည်းငယ်ဆိုတော့ ဘာမှ သိပ်မသိသာသလိုပါပဲ။ ကိုယ်တွေ လာတုန်းကဖြင့် တစ်လမ်းလုံးလည်း အန်၊ မူးနောက်ပြီးရောက်လာခဲ့တာ နောက်ထပ်လေယာဉ်သာ ထပ်စီးရရင် အသက်ထွက်ပါပြီလို့ တွေးမိတဲ့အထိပါပဲ။ သူကလေးကတော့ ပျော်ပျော်ပါးပါး နောက်ပြောင်ရယ်မောမပျက်မို့ တော်ပါသေးတယ်။
တူမလေး စရောက်တဲ့ညက သူ့ကို လေဆိပ်မှာသွားကြိုတော့လည်း လေယာဉ်ဆိုက်ပြီး တော်တော်နဲ့ ထွက်မလာလို့ တော်တော်မျှော်လိုက်ရပါတယ်။ ပထမဆုံး ဒီကိုလာတာဆိုတော့ အပြင်က စောင့်နေရတဲ့ ကိုယ့်မှာတော့ ဘာတွေများ စစ်ဆေးနေလို့လဲ၊ သေတ္တာတွေဖွင့်စစ်လို့ မြန်မာစာတွေများ လွှင့်ပစ်လိုက်လေမလား စသဖြင့် ပူရတာပေါ့နော်။ နောက်ဆုံးမှ သေတ္တာကြီးတွေကို မနိုင်မနင်းတွန်းပြီး ထွက်လာတဲ့ ပိန်ပိန်သေးသေးတူမလေး က ထွက်လာပါတော့တယ်။ သူ့ကို ဘာမှတော့ မစစ်ဆေးပါဘူး။ ဘယ်ကျောင်းတက်မလဲ ဘာမေဂျာလဲလောက်သာ နည်းနည်းပါးပါးမေး ကံကောင်းပါစေပြောပြီး လွှတ်လိုက်ပါတယ်။ သူ့ကို ကြိုပြီး ကျွန်မနေတဲ့ မြို့ကိုရောက်တော့ ည သန်းခေါင်တောင် ရှိပါပြီ။ ကျွန်မနဲ့ အဖော်လိုက်ပေးတဲ့ မိတ်ဆွေ ညီမလေးတို့က ညစာမစားရသေးတော့ ကြက်တောင်ပံကြော် ရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို ၀င်ပြီး ခဏ၀င်စားကြရပါတယ်။ တူမလေးကို ပင်ပန်းလာမလား အောက်မေ့ပါတယ် သူက အချိန်တွေကလည်း နေ့နဲ့ညပြောင်းပြန် ငယ်ကလည်းငယ်ဆိုတော့ ဘာမှ သိပ်မသိသာသလိုပါပဲ။ ကိုယ်တွေ လာတုန်းကဖြင့် တစ်လမ်းလုံးလည်း အန်၊ မူးနောက်ပြီးရောက်လာခဲ့တာ နောက်ထပ်လေယာဉ်သာ ထပ်စီးရရင် အသက်ထွက်ပါပြီလို့ တွေးမိတဲ့အထိပါပဲ။ သူကလေးကတော့ ပျော်ပျော်ပါးပါး နောက်ပြောင်ရယ်မောမပျက်မို့ တော်ပါသေးတယ်။
သူရောက်နေတုန်း ကျောင်းအတွက် လိုအပ်တာတွေ ၀ယ်ဖို့ ဈေးမျိုးစုံ လိုက်ပို့၊ စားဖူးအောင် အစားအသောက်မျိုးစုံ လိုက်ဝယ်ကျွေး၊ အနီးအနားက ကမ်းခြေတွေကို ရောက်ဖူးအောင် လိုက်ပို့ရပြန်ပါတယ်။ ဈေးဝယ်ထွက်ပြန်တော့လည်း မမက ဂျီးများလိုက်တာ လွန်ပြန်ရော။ ဘော်ဒီလိုးရှင်းဆိုင်တွေထဲဝင်လိုက်တိုင်း အမွှေးနံ့သာတွေတိုင်းကို စမ်းကြည့်ရတာ တော်တော်နဲ့ မထွက်နိုင်ပါဘူး။ အ၀တ်အစားကျပြန်တော့လည်း အသက်ချင်းက ကွာပြန်တော့ သူကြိုက်တာတွေဆို မျက်စေ့ထဲ ကြည့်လို့မရ၊ ကိုယ်ကြိုက်တာတွေကျ သူက လူကြီးကြိုက်လို့ ထင်နဲ့ ဟုတ်နေတာပါပဲ။ အအေး ပိုတဲ့ နေရာကို သွားမှာမို့ ကျွန်မကတော့ နွေးထွေးမယ့် ဖိနပ်တွေ အနွေးထည်တွေကို အတင်းကို ၀ယ် ထည့် ပေးလိုက်တာပါပဲ။ သူ့အတွက် ကွန်ပြူတာဝယ်တာမှ စိတ်မော ရတာပါ။ ရွေးစရာတွေကများသလောက် ဒင်းကလေးက ဆင်ခြေများစွာနဲ့ ရွေးပါတယ်။ သွားကြဲသလို ဆိုနီ ကီးဘုတ်လေးကြဲကြဲလေးကမှ ရိုက်ကောင်းတယ်။ ဒဲလ်က အရောင်လေးက ပိုလှတယ်။ အိတ်ခ်ျပီက ဘာဖြစ်နဲ့ စုံနေတာပါပဲ။ ခက်တာက စက်ရဲ့ အရည်အသွေးတွေကို မကြည့်ဘဲ အမြင်လှ တာတွေပဲ ရွေးနေလို့ အိမ်ထောင်ပြုရင်တောင် ရုပ်ချောတဲ့ ငတုံးကိုရွေးမှာလားလို့ ရွဲ့ကို ပြောယူရတဲ့အထိပါပဲ။ ဆိုင်များစွာကို ပတ်ပြီးတဲ့ သကာလမှာမ ကြွက်က ကြွက်နဲ့ပဲ ညားတဲ့ ပုံပြင်လိုပဲ ဈေးသင့်တင့်တဲ့ အိတ်ခ်ျပီနဲ့ တည့်သွားပါတော့တယ်။ ဒါတောင် ကျွန်မတို့ မြို့က ဆိုင်မှာ သူလိုချင်တဲ့ စက်က ကုန်နေလို့ တခြားမြို့က ဆိုင်အထိ သွားယူရသေးတာပါ။ ကျောင်းအတွက် အဓိကလိုတဲ့ ကွန်ပြူတာလေး ရသွားမှပဲ ကျန်တဲ့ လိုအပ်တာတွေကို နည်းနည်းစီလိုက်ဝယ်ဖြစ်ပါတော့တယ်။
ဈေးတွေသွားပြီး အိမ်ပြန်ရောက်တဲ့ အချိန်လေးတွေမှာ အိမ်ကမိသားစုအကြောင်း ထွေရာလေးပါး စကားပြောကြ၊ ကျွန်မကလည်း လွမ်းနေတဲ့ အစားအသောက်တွေအကြောင်းပြောကြနဲ့ ပျော်စရာကောင်းသလို လွမ်းစရာလည်း ကောင်းပါတယ်။ တစ်ညမှာ ကျွန်မက မြန်မာစာတွေ လွမ်းနေတယ်ဆိုလို့ သူ့အမေဆီမှာ အထူးသင်ယူလာတဲ့ ကျွန်မကြိုက်တဲ့ ခရမ်းချဉ်သီးကြော်ကို ချက်ကျွေးပါတယ်။ ကျွန်မကို မြည်းကြည့်ခိုင်းတော့ ပေါ့သေးတယ်လို့ ပြောလိုက်တော့ ဘာပြောတယ် ထင်လဲ။ ဟီး ဆားမထည့်ရသေးဘူးတဲ့။ ဒီတိုင်းပြည် ရောက်ပြီးလို့ တစ်ပါတ်တောင် မပြည့်သေးဘူး ထမင်းကြော်စားချင်တယ်၊ ကော်ရည်ခေါက်ဆွဲစားချင်တယ်နဲ့ အော်နေလို့ ကော်ရည်ခေါက်ဆွဲ လည်း ချက်စားကြပါသေးတယ်။ ကျွန်မကို ဒန်ပေါက် ချက်ကျွေးမယ်ဆိုလို့ အထင်ကြီးပြီး တယ်ဟုတ်ပါလား ဘယ်သူသင်ပေးလိုက်လဲ၊ ဘယ်လိုချက်ရလဲ မေးမိပါတယ်။ အဆင်သင့်ချက်တဲ့ အထုပ်လေး ၀ယ်လာတာတဲ့လေ။
အဝေးကနေ ဒီကို ခုမှ ရောက်လာတဲ့လူတွေ့ရင် အစားအသောက်တွေ အစုံ စားဖူးအောင် ကျွေးချင်တာ ကျွန်မ အကျင့်ပါ။ အခုလည်း တူမလေး ရောက်နေတုန်း စားဖူးအောင် ဒေသမှာ ကောင်းတဲ့ အစားအသောက် တွေ ရော၊ စားကောင်းတဲ့ ဆိုင်တွေရော စုံနေအောင် ၀ယ်ကျွေးဖြစ်ပါတယ်။ တစ်နေ့မှာ ကျွန်မတို့မြို့က နာမည်ကြီးတဲ့ ဘူဖေးဆိုင်တစ်ဆိုင်ကို ခေါ်သွားတဲ့အခါမှာ တူမလေးက ကြိုက်လွန်းလို့ စားတာများ ကျွေးရ တဲ့သူ ၀မ်းသာစရာပါပဲ။ ကြည့်ဦးလေ။ ပထမပန်းကန်က တရုတ်စာ၊ နောက်ပန်းကန်က ဆူရှီနဲ့ ဒင်ဆမ်း၊ တတိယပန်းကန်က ပီဇာနဲ့ ဘိုစာအစုံ၊ နောက်ပန်းကန်က အချိုပွဲအစုံ။ မပြီးသေးဘူးနော်။ အားလုံးအဆုံးမှာ ရေခဲမုန့်လေးက ပါသေးတယ်။ ဒါတောင် ဆိုင်ထဲမှာ သူက ဘယ်လောက် ကြာကြာ ထိုင်စားလို့ ရလဲ မေးလိုက်သေးတာ။ အဲဒီညက ထင်တယ်။ အစားတွေ သောင်းကျန်း ပြီး အစောကြီး ကျွန်မရဲ့ ကုတင်ပေါ် မှာ လာအိပ်နေရော။ ကျွန်မက ကုတင်ပေါ်မှာ တစ်ဘက်ကို လှည့်ပြီး ဖုန်းပြောနေတုန်း နောက်ဘက်က ဒုန်းဆို အသံကြားလို့ လန့်သွားတာပဲ။ ဘာဖြစ်ရမလဲ။ ချစ်သော တူမလေး အိပ်ရင်း ကုတင်ပေါ်က ပြုတ်ကျ တာလေ။ ဟဲ့ ဘယ်လိုဖြစ်တာလဲ ဆိုတော့ ဟီး အောက်ပြုတ်ကျတာဆိုပြီး.. အမယ် ခပ်တည်တည်နဲ့ ပြန်တက် လာပြီး ဆက်အိပ်ပါလေရော။ အဲဒီလိုပြုတ်ကျလည်း ပြီးရော အဆောင်ရောက်ရင် နှစ်ထပ်ကုတင်များ ရွေးဖို့ မစဉ်းစားလေနဲ့လို့ မှာလိုက်ရတယ်။
အဲလိုမျိုး တူမလေးနဲ့ ခဏနေရတဲ့ အခိုက်မှာ သူ့ကို လိုက်ပို့ရတာတွေက ပင်ပန်းသလောက် ရှားရှားပါးပါး ကိုယ့်ဆွေကိုယ့်မျိုးလေး ကိုယ့်အိမ်ကို ရောက်လာတာမို့ ပျော်တော့လည်း ပျော်စရာပါ။ သူများတွေကသာ ကိုယ့်ကို လိုက်ပို့ခဲ့ကြတာများပြီမို့ ခုလို ကိုယ်က တပြန် သူများကို နေရာတွေ လျှောက်လိုက်ပို့ပေးရတာ အတွေ့အကြုံသစ်တစ်ခုပါပဲ။ ကိုယ်ကိုယ်တိုင် မရောက်တာ အတော်ကြာခဲ့ပြီဖြစ်တဲ့ ကမ်းခြေတလျှောက်ကို ကားမောင်းရတာလည်း စိတ်အပန်းတော့ အပြေသား။ ကားမောင်းရင်း ကမ်းခြေတစ်လျှောက်က အိမ်တွေကို ကြည့်ပြီး တူမလေးက ပြောသွားသေးတယ်။ နောက်ကျ သူပိုက်ဆံတွေရှိတဲ့အချိန်ကျရင် ဒီမှာ အိမ်လာဝယ် ဦးမှာတဲ့။ ပင်လယ်နဲ့ ကပ်နေတာမို့ ဆူနာမီမကြောက်ဖူးလားလဲမေးလိုက်ရော ချက်ချင်းကို စိတ်ပြောင်း သွားပါတော့တယ်။ ကမ်းခြေတွေ လျှောက်သွားလိုက်ကြ၊ ကစားကွင်းကို သွားလိုက်ကြနဲ့ ကျွန်မလည်း ရုံးပြေးရင်း ပြေးရင်း အကျင့်တောင် နည်းနည်းပါချင်သွားပါတယ်။ ကျောင်းရှိတဲ့ မြို့ကို သွားမယ့် သူ့ကို လေယာဉ်ကွင်းလိုက်ပို့ပေးပြီးမှပဲ ရုံးပြန်သွားပြီး ပုံမှန် ဘ၀ကို ပြန်ရောက်တော့တယ်။ ရုံးပြန်တက်ရင်း အခုမှ အနားပြန်ယူနေရတယ် ဆိုပါတော့။ တူမလေးလည်း သူ့ကျောင်းသူရောက်လို့ ကျွန်မအိမ်ကို လွမ်းနေတယ် ဆိုပဲ။ လွမ်းမပေါ့နော။ စားချင်တာစား။ ပျော်စရာတွေသွား။ ဈေးတွေဝယ်နဲ့ဆိုတော့ ကျောင်းစာအုပ် တွေ ပိပြီး မိဘဆွေမျိုးတွေ အနားမှာ မရှိတဲ့နေရာမှာနဲ့ ယှဉ်လိုက်ရင် လွမ်းလောက် ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း အဲဒီဘ၀တွေ ကျော်ဖြတ်ခဲ့ပြီးပြီမို့ နားလည်ပါတယ်လေ။ ခုတော့ ဘိုကျောင်း ပြန် ကျောင်းသူလေးလည်း ဘိုကောလိပ်မှာ ကျောင်းစာတွေပိ၊ ရွှေဂျမ်းလည်း အလုပ်တွေ ပုံမှန် နည်းနည်း ပြန်ဖြစ်လာနေပါပြီ။ အရင်လို မရေးနိုင်ပေမယ့် ပုံမှန် ပြန်ရေးနိုင်အောင် ကြိုးစားပါ့မယ်။ ကျွန်မ စာမရေး နိုင်တုန်း စိတ်ရှည်ရှည်နဲ့ လာလည်ကြတဲ့ စီပုံးမှာ သတင်းမေးသွားကြတဲ့ မိတ်ဆွေများကိုလည်း ကျေးဇူးတင်ပါတယ်။ လောလောဆယ်တော့ ဘလော့မှာ ဘာလို့ အသစ်မတင်နိုင်သလဲဆိုတာကိုပဲ အကြောင်းပြု ပြီး ဆားချက်ထားတာလေးကိုပဲ ကျေနပ်ကြပါဦးနော်။
Posted by
ရွှေဂျမ်း
at
11:57 PM
2
comments
Labels: အတွေ့အကြုံ
Subscribe to:
Posts (Atom)
