Monday, December 29, 2008

ကြိုဆိုနေပါ ကောင်းကင်ပြာ

ဒီညနေ ရုံးကအပြန်မှာ ကောင်းကင်ကို မော့ကြည့်မိတော့ တိမ်တွေမရှိသလောက်ပဲ။ နေ၀င်ခါစ ကောင်းကင်ဟာ အပြာရောင်သန်းသလို နှင်းဆီရောင်တွေကလည်း ရောလို့။ ဆောင်းတွင်းမို့လို့ ထင်တယ်...တိမ်ကင်းစင်တဲ့ ကောင်းကင်လို့ ခေါ်ရလောက်အောင် တိမ်စ ခပ်သေးသေးတွေဟာ ဟိုတစ်မျှင် ဒီတစ်စလောက်ပဲ ရှိလေရဲ့။ ကောင်းကင်ရဲ့ တစ်ဘက် အစွန်မှာ အဝေးကို တရွေ့ရွေ့သွားနေတဲ့ လေယာဉ်လေးတစ်စီးနဲ့ သူဖြတ်သွားရာ တိမ်လမ်းကြောင်းတစ်ခု။ အဲဒီခပ်ဝေးဝေးက အဖြူအစင်းတန်းလေး မြင်ရုံနဲ့ အိမ်ကို ပြန်ချင်စိတ်က တန်း ရောက်လာတယ်။ တစ်ခါတစ်လေ တိမ်တွေကို ခိုစီးပြီး အိမ်ကိုပြန်သွားလို့ရလိုက်ချင်တယ်။ အိမ်နဲ့ အဝေး ရောက်နေတဲ့ သူများတွေရော အဲလိုမျိုးခံစားဖူးလား မသိဘူး။

အိမ်အပြန်လမ်းမှာ အတွေးတွေကလည်း အလွမ်းတွေနဲ့ ရောနေလို့ ကားကို မနည်းသတိထားပြီး မောင်းခဲ့ရတယ်။ ကောင်းကင်ကို မော့မော့ကြည့်ရင်း ထူးဆန်းတဲ့ စိတ်ဆိုတာကလည်း ကောင်းကင် လိုပဲလို့တွေးနေမိတယ်။ တိမ်တွေမြူ တွေကင်းနေတဲ့ ကောင်းကင်မှာ စိတ်ကြည်ကြည်လေးမှာ အိမ်ပြန်ချင်တဲ့ အလွမ်းတွေ ဖြတ်ပြေးသွားသလိုပဲခံစားလိုက်ရလို့ပါ။ အတွေး ရောင်စုံ တွေနဲ့ စိတ်ကောင်းကင် ပန်းချီကားမှာ နောက်ခံအရောင် တွေက အမျိုးစုံ။ အေးချမ်းနေချိန်မှာ မိုးပြာရောင်၊ တည်ငြိမ်နေချိန်မှာ နှင်းဆီရောင်သမ်းတဲ့ အပြာရောင်ဆိုရင် စိတ်ညစ်နေတဲ့ အချိန်တွေဟာ မီးခိုးရောင်သမ်းနေတာများလား။ ဒီကောင်းကင်ပေါ်မှာ ရှိတဲ့ တိမ်တွေကတော့ ဖြတ်သန်းသွားတဲ့ အတွေးတွေပေါ့။ ဟိုတစ်စ ဒီတစ်စ ခပ်သုတ်သုတ်ဖြတ်ပြေးသွားတဲ့ အတွေးတွေ ရှိသလို ခပ်ကြာကြာ တုံ့နှေးစွာ ဖြတ်နေတဲ့ တိမ်တောင်တွေကလည်း မကြာခဏ။ ရံဖန်ရံခါ မုန်တိုင်းလို ထစ်ချုန်းတဲ့ မိုးတိမ်တိုက်တွေ ဖြတ်သွားတဲ့ အခါတွေလည်း ရှိခဲ့ကြတာပဲ။ ကိုယ့်မိုးကောင်းကင်ဟာ အမြဲ ပြာမနေသလို အမြဲလည်း အုံ့မှိုင်းမနေဘူး။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ တိမ်တွေဆိုတာ ဖြတ်သန်းသွားကြရုံ သက်သက်ပါ။ တစ်ဖက်ကလည်း ပြာလွင်နေတဲ့ ကောင်းကင်ကို အမြဲလိုချင်လို့ မရနိုင်တာလည်း သေချာတာ တစ်ခုပေါ့။ ဒါ့ကြောင့် လာမယ့် နှစ်သစ်ရောက်တဲ့အခါ အရောင်အသွေးစုံတဲ့ ကိုယ့်ရဲ့ကောင်းကင်မှာ ပြာလွင်တဲ့ အချိန်တွေ များများရချင်ပါတယ်။ ဖြတ်သန်းသွားမယ့် တိမ်တွေဟာလည်း ပျော်မြူးစရာ တိမ်မျှင်တိမ်စလေး တွေပဲဖြစ်ချင်ပါတယ်။ တိမ်အမြဲကင်းစင်ဖို့ကတော့ မဖြစ်နိုင်ဘူး မဟုတ်လား။ မိတ်ဆွေတို့ရဲ့ ကောင်းကင် တွေလည်း လိုရာအရောင်အသွေး လိုရာတိမ်အတွေးတွေနဲ့ ပြည့်စုံနိုင်ကြပါစေနော်။

Read More...

Wednesday, December 24, 2008

Happy Holidays!

ခရစ်စမတ်ပွဲတော် အချိန်ခါသမယမှာ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပြီး လိုအင်ဆန္ဒပြည့်ဝကြပါစေ။



Watercolor by Shwe Gyan

Read More...

Monday, December 22, 2008

ရုပ်ရှင်နာမည် ဖွက်ကြမယ်

အသိတွေ လာလာပြတဲ့ လင့်ခ်တွေကို ကြည့်မိတိုင်း ပေါက်ကရတွေတွေ့၊ တွေ့တော့ မနေနိုင်ပဲ ရေးမိရော။ ရေးမိတာတွေကလည်း စိတ်ထဲရှိတဲ့အတိုင်း ပြောချင်တာပြောချလိုက်တတ်တာမို့ လူအမြင်ကတ်စရာတော့ ဖြစ်မလားပဲ။ ဒီနေ့လည်း တွေ့မိပြန်ပါပြီ။ မြန်မာဝက်ဘ်ဆိုက်တစ်ခုမှာ မြန်မာရုပ်ရှင်နာမည်တွေကို အင်္ဂလိပ် နာမည်နဲ့ ရေးထားတာတွေပါ။ စာဖတ်သူတွေလည်း သိသင့်သလောက်သိမှာဖြစ်တဲ့အတိုင်း မြန်မာစကား တစ်ချို့ဟာ အင်္ဂလိပ်လို တိုက်ရိုက်ပြန်လို့ အမြဲမရတတ်ပါဘူး။ အင်္ဂလိပ်စကားတစ်ချို့ဟာလည်း ဒီအတိုင်း ပါပဲ။ သိပ်တိုက်ရိုက်ပြန်ချလိုက်ရင် စကားတွေထောက်ပြီး ကို့ရိုးကားယားဖြစ်ကုန်တတ်ပါတယ်။ ဒီလိုပြောလို့ ကျွန်မကိုယ်တိုင်လည်း သိပ်ကျွမ်းကျင်လှတဲ့ ဘာသာပြန်သူ မဟုတ်သေးပါဘူး။ ဒါပေမယ့် လေ့လာနေသူ တစ်ယောက်အနေနဲ့ ဘာသာတွေပြန်ရင်း တွေ့လာသိလာရတဲ့ အချက်တစ်ခုပါ။

မြန်မာရုပ်ရှင် ဗီဒီယို ဇာတ်ကားနာမည်တွေဆိုတာ လှအောင် ဆန်းအောင် (လူနာမည်တွေ မဟုတ်ပါ) ကဗျာဆန်အောင် ပေးတတ်ကြတဲ့ နာမည်တွေပါ။ ဒါတွေကို အင်္ဂလိပ်လို တိုက်ရိုက်ပြန်မယ့် အစား သင့်တော် ဆီလျော်အောင် ဘာသာပြန်မှသာ စိတ်ဝင်စားစရာ ဆွဲဆောင်မှုရှိတဲ့ နာမည်လေးတွေ ဖြစ်လာမယ်လို့ ထင်ပါတယ်။ ခုတော့ မြန်မာဇာတ်ကားတွေကို ကိုရီးယားကားတွေကို ဘာသာပြန်သလိုလို တိုက်ရိုက် ဘာသာပြန် ထားတာ ဒါဘာကားပါလိမ့်လို့ ပြောရမလောက်ကိုဖြစ်နေပါတယ်။ သိထားပြီးတဲ့ ရုပ်ရှင်လေး တွေတောင် ပျောက်ကုန်လို့ ရုပ်ရှင်နာမည်ဖွက်တန်း ကစားရမယ့်ပုံကို ပေါက် နေပါတော့တယ်။ ကဲ ယုံအောင် ပြောပြမယ်။ The second heartbreak of the third age တတိယအရွယ်၏ ဒုတိယ ဝေဒနာဆိုတာ မှန်းလို့ ရမှာပါနော်။ Ma Shwe Htar, the foreign damsel ဒါဆို တပြည်သူမရွှေထားပေါ့။ The eyes are watering Nyo အလို မျက်ဝန်းထဲမှာ မိုးရွာပြီညိုလည်း သူတို့ ပြန်လိုက်မှ ကြက်သွန်လှီးမိလို့ မျက်ရည်ကျရသလိုလို။ မမုန်းလေနဲ့ ငပလီကတော့ Should not be hated Ngapali ဖြစ်သွားရှာတယ်။ Rose day, rose night ဒါက နှင်းဆီနေ့ နှင်းဆီညလို့ပြောချင်တာ မှန်းလို့ရတယ်။ လွယ်လွယ်လေးတွေပါလို့ ပြောမှာသိလို့ နည်းနည်း ခက်တာ လေးတွေ လာမယ်နော်။ Honey coated flower sword ပျားရည်ဆမ်းသော ပန်းဓါး။ ကဗျာတွေ ဆန်လာတော့ နည်းနည်း ပိုရှုပ်လာသလိုပဲ။ ကျွန်မကလည်း ရုပ်ရှင်တွေနဲ့ နောက်ပိုင်းမှာ အလှမ်းဝေးခဲ့ပြီမို့ မသိတာတွေ များလာ ပါတယ်။ အခုပြောမယ့် ရုပ်ရှင်တွေကတော့ ဘာမှန်းကိုမသိလို့ စာဖတ်သူတို့ ကိုယ့်ဘာသာကိုယ်သာ မှန်းကြည့်ကြပါတော့။ The smelly and beautiful flower တဲ့။ နံလည်းနံ လှလည်းလှတဲ့ပန်းဆိုတော့ ဘာပန်းများပါလိမ့်။ Darling brother of The ‘ The‘ ဆိုတော့ သဲသဲရဲ့ အကိုလား မောင်လား မကွဲပြားပါ။ The sorrowful tree under the Kissing moonlight ဒါကတော့ လရောင်နမ်းတဲ့ ဘာပင်လည်း မသိ။ နောက်တစ်ခုက Please do not hesitate darling တဲ့။ The unmitigated golden country surrounded by the shining stars ကတော့ ကြယ်တွေ ၀န်းရံထားတဲ့ ရွှေတိုင်းပြည်လို့ ဆိုချင်တာလား မသိပါ။ King Lions' forces (power) which will rise up to the sky ဆိုပါလား။ Lion King ကိုပြေးမြင်မိသလိုလို။ နောက်တော့ ပြန်စဉ်းစားမိတာ ခြင်္သေ့တွေဘာတွေ ပါတဲ့ကားဆို ရင်တော့ ပြိုင်ခိုးပြီ တို့ရဲ့ ပေါ်လစီကား ဖြစ်လောက်တယ်လို့တော့ မှန်းလို့ရလိုက်ပါတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။ သိရင်လည်း ပြောပြသွားပေါ့။ အလုပ်မရှိ အလုပ်ရှာလို့ သွားမဖတ်နဲ့ပေါ့လို့ ပြောရင်လည်း ခံရမှာပါပဲ။ ဒါပေမယ့် ပြတဲ့လူက လာပြတော့ ကြည့်မိပြီး မနေနိုင်လို့ ခု ရေးမိပြန်ပါပြီ။ တကယ်တော့ အဲဒီဆိုက်မှာ မြန်မာကားနာမည်လေးတွေကို ဘေးက မြန်မာလို စာတန်းထိုးလေး ရေးပေး ထားရင် တောင် ဖတ်လို့ အဆင်ပြေမှာဖြစ်ပါတယ်။ ခုတော့ အင်္ဂလိပ်လို့ အကုန်အတိအကျပြန်ခါမှ မြန်မာတွေ သိတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားတွေလည်း ရယ်ချင်စရာ နာမည်တွေ ဖြစ်လို့နေပါတော့တယ်။

ရွှေဂျမ်းတစ်ယောက် ခုတလော နာမည်တွေနဲ့ သိပ်ကီးမကိုက်ဘူးဖြစ်နေပါတယ်။ လူနာမည် ရုပ်ရှင်နာမည်။ နောက်တစ်ခါဆို ဘာအမြင်မတော်တဲ့ နာမည်များတွေ့ပြီး ဘလော့ပေါ်မှာ ပြောမိဦးမလဲ မသိဘူး။

Read More...

Sunday, December 21, 2008

Capturing shadows

အခုနောက်ပိုင်း ဘလော့လောကမှာ ဓါတ်ပုံပို့စ်တွေ ပိုခေတ်စားလာသလို ထင်မိပါတယ်။ တစ်ချို့ပို့စ်တွေက စာတင်မကဘဲ ပုံလေးပါပါရင် ပိုအသက်ဝင်သွား တတ်တာမို့ ဘလော့ဂါတွေဟာ ပရော်ဖက်ရှင်နယ် ကင်မရာတွေနဲ့ ရိုက်ကြသလို ဖုန်းကင်မရာနဲ့ ရိုက်တဲ့လူတွေကလည်း ရိုက်ကြ ပါတယ်။ အဓိက က ရိုက်ချင်တဲ့ အချိန်တဒင်္ဂ လေးကို အချိန်မီရိုက်လိုက်မိဖို့နဲ့ ပြန်မျှဝေချင်တဲ့ လူတွေနဲ့ မျှဝေနိုင်ဖို့ပဲ မဟုတ်လား။ ကျွန်မ ဓါတ်ပုံရိုက် (photography) ၀ါသနာ ပါတာ အရင်တုန်းက ပို့စ်တွေမှာလည်း ရေးခဲ့ဖူးသလို ကျွန်မ ရိုက်တဲ့ ဓါတ်ပုံ လေးတွေ တစ်ချို့ကိုလည်း ဘလော့မှာ တင်ရင်း မျှဝေနေကျ ဖြစ်ပါတယ်။

အဲဒီ ဓါတ်ပုံ ၀ါသနာ ပိုးဟာ လွန်ခဲ့တဲ့ ၆နှစ်ကျော်က တက်ခဲ့တဲ့ ဓါတ်ပုံသင်တန်းက စခဲ့ပါတယ်။ ၀ါသနာပါလို့ စမ်းပြီး အတန်းတက်မယ်လုပ်တော့ ကင်မရာ ကောင်းကောင်း တစ်လုံးလိုပါ တော့တယ်။ အဲဒီအချိန်က SLR ကင်မရာ တစ်လုံးကို လေးငါးခြောက်ရာ ဆိုတာ ကျွန်မအနေနဲ့ ၀ယ်နိုင်တဲ့ အခြေအနေမီဖို့ ဝေးစွ ဒစ်ဂျစ်တယ်ကင်မရာလေးတစ်လုံးကိုတောင် ခြစ်ခြုတ်ပြီး ၀ယ်ခဲ့ရတာပါ။ ဖြစ်ချင်တော့ အဖေ့မှာ Canon SLR လေးတစ်လုံးရှိတာမို့ အဖေ့ကင်မရာကို ငှားပြီး သင်တန်းတက်ခဲ့ ရပါတယ်။ သင်တန်းက Introduction to Photography (B&W) ဆိုတော့ ဓါတ်ပုံပညာနဲ့ ပါတ်သက်လို့ အခြေခံတွေပေးတဲ့ အဆင့်မှာပဲ ရှိပါတယ်။ အဖြူအမည်း ဓါတ်ပုံရိုက်နည်းအတွက် လိုအပ်တဲ့ အယူအဆတွေ၊ ရိုက်ကွင်း အရာဝတ္ထုရွေးချယ်မှုတွေက စပြီး ဖလင်ဆေးနည်း၊ ဓါတ်ပုံကူးနည်း စတာတွေကို သင်ခဲ့ရပါတယ်။ slide အတွက် ဓါတ်ပုံရိုက်နည်း၊ မိမိတို့ portfolio အတွက် ဓါတ်ပုံရိုက်နည်း၊ self portraitရိုက်နည်း တွေပါ သင်ခဲ့ရပြီး မိမိတို့ ဓါတ်ပုံတွေ အပါအ၀င် သူများဓါတ်ပုံတွေကိုပါ ဝေဖန်တတ်ဖို့ critique လုပ်နည်းတွေပါ သင်ပေးပါတယ်။ ဆရာမရဲ့ စိတ်ရှည် ပွင့်လင်း တဲ့ ဝေဖန်မှုတွေအောက်မှာ အတန်းက အရမ်းပျော်စရာကောင်းခဲ့ပါတယ်။ နွေရာသီသင်တန်းမို့ နေ့ဓါတ်ပုံရိုက် ညနေဆို အမှောင်ခန်းထဲမှာ သူငယ်ချင်းတွေ တရုန်းရုန်းနဲ့မမောမပန်း ဓါတ်ပုံတွေကူးခဲ့ကြပါတယ်။ Self-portrait ရိုက်တုန်းကဆို ကျောင်း စတူဒီယိုထဲက မီးတွေ ထီးတွေ ထရိုင်ပေါ့ဒ်တွေ တသီကြီးသယ်ပြီး ကိုယ့်အိမ်မှာကိုယ် ရိုက်ကြရပါတယ်။ ဆရာမခိုင်းတဲ့ assignment တစ်ချို့က ခက်တာတွေ ခက်ပေမယ့် စိတ်ဝင်စားပြီး ပျော်ခဲ့ကြလို့ မောတယ် တောင် မထင်ခဲ့ကြပါဘူး။ ကိုယ်ရိုက်ထားတဲ့ ဓါတ်ပုံတွေကို သူများတွေက ဝေဖန်တာ နည်းနည်းတော့ လန့်ချင်စရာဖြစ်ပေမယ့် ကိုယ်ပညာရဖို့အရေးမို့ ၀ိုင်းပြီး အားပေးဝေဖန်ကြတာ တကယ်တော့ ၀မ်းသာဖို့တောင် ကောင်းပါသေးတယ်။

ဒီသင်တန်းမှာ သတိထားမိခဲ့ တာကတော့ စရိတ်ကြီးတာပါပဲ။ ခုခေတ်လို ဒစ်ဂျစ်တယ်ကင်မရာတွေနဲ့ မကြိုက်မချင်းရိုက်ပြီး ရွေးကူးလို့ ရတဲ့ အခြေအနေလည်း မရှိခဲ့ပါဘူး။ ကျောင်းက စတိုးဆိုင်မှာ ဖလင်တွေ ကူးဖို့ ဓါတ်ပုံစာရွက်တွေကို ၀က်ဝက် ကွဲ ၀ယ်ပြီး စိတ်တိုင်းမကျမချင်း ရိုက်ကြ ကူးကြလုပ်ခဲ့ရပါတယ်။ စိတ်တိုင်းမကျမချင်းလို့ဆိုတဲ့အတွက်လည်း အချိန်လည်း အင်မတန်ပေးရပါတယ်။ အပေါ်ယံအားဖြင့် ဓါတ်ပုံတစ်ပုံကို ကြည့်လိုက် ရင်တော့ ဒါလေးများကွာ ကလေးတောင် ရိုက်တတ်သေးတယ်လို့ ထင်ချင်ထင်ရမှာ ဖြစ်ပေမယ့် ဓါတ်ပုံတစ်ပုံတိုင်းရဲ့အနောက်မှာ အားထုတ်မှုတွေ ပါနေတယ် ဆိုတာ ကင်မရာကိုင်သူတွေ ကောင်းကောင်း နားလည်ကြမှာပါ။ အထူးသဖြင့် snapshot အနေနဲ့သာ မဟုတ်ဘဲ မိမိအမြင်ကို သူများတွေနဲ့ မျှဝေဖို့ ကြိုးစားရိုက်ကြတဲ့ ဓါတ်ပုံသမားတိုင်း ခံစားလို့ရကြမှာပါ။ ကျွန်မကိုယ်တိုင်လည်း အချိန်ရရင် ရသလို လေ့လာဆဲ ဓါတ်ပုံဝါသနာရှင်တစ်ဦးဖြစ်တာမို့ သူများတွေ ကြိုးစား အားထုတ်ပြီး ရိုက်ထားတဲ့ ဓါတ်ပုံတွေတွေ့ရင် သဘောကျမိတတ်ပါတယ်။ ကျွန်မရိုက်ထားတဲ့ ဓါတ်ပုံတွေကို လည်း ကြုံရင် ကြုံသလို မျှဝေပါဦးမယ်။ ဒီပို့စ်နဲ့အတူ တင်ထားတဲ့ ပုံလေးတွေကတော့ အဲဒီ ဓါတ်ပုံပညာ အတန်း တက်တုန်း က ရိုက်ခဲ့တဲ့ အရိပ်တွေအကြောင်း ပုံလေးတွေပါ။ ကြိုက်သလို ဝေဖန်သွားနိုင်ပါတယ်နော်။ ကိုယ်တိုင် ကြိုးစားပြီး ရိုက်ထားခဲ့ရတဲ့ ပုံတွေမို့လို့ မတော်တဆ ယူသုံးချင်ခဲ့ရင်တော့ ကြိုတင်ခွင့်တောင်းဖို့ ပြောချင်ပါတယ်။

Read More...

Wednesday, December 17, 2008

အမည်သညာ ခေါ်စရာကား

ဒီနေ့ မိတ်ဆွေတစ်ယောက်က ပြလို့ အွန်လိုင်းက အလင်းတန်း ဂျာနယ်တွေကို ကြည့်မိတယ်။ ထုံးစံအတိုင်း အနုပညာသမားတွေရဲ့ သတင်းတွေက အစုံပါပါတယ်။ အကြမ်းဖျင်းအားဖြင့် ခြုံငုံပြောရရင် ဘယ်မင်းသမီး လေး က နိုင်ခြံဂါးက ယောက်ျားကိုယူလိုက်လို့၊ ဘယ်မင်းသားလေးက ဘယ်ဟိုတယ်ကြီးမှာ မွေးနေ့ ဖယောင်းတိုင် ဘယ်လိုမှုတ်လို့၊ ဘယ်အဆိုမတော့်တတော်လေးက မြွေဖမ်းတာ နဂါးမိလို့၊ ဘယ်မော်ဒယ်လေးက မည်သို့လုပ်လိုက်သည်မသိ နန်းတော်တစ်လုံး ချက်ချင်း ကောက်ဝယ်လိုက်လို့ စသဖြင့် မြန်မာပေါလိဝုဒ်ရဲ့ သတင်းစုံပေါ့နော်။ အဲဒီသတင်းတွေထဲမှာ မကြာခဏတွေ့ရတာကတော့ မြန်မာမင်းသား မင်းသမီး အဆိုတော် များ အနုပညာရှင်များရဲ့ ကလေးများအကြောင်းတွေပါပဲ။ ကလေးမွေးသတင်း၊ ကလေး ကင်ပွန်းတပ်၊ ကလေး မွေးနေ့ပွဲ စတဲ့ သတင်းတွေဖတ်ရင်း သတိထားမိတာက ကလေးတွေရဲ့ ဆန်းပြားလှသော နာမည်တွေပါ။ ကျွန်မတို့ ငယ်ငယ်က နာမည်သုံးလုံးလောက်ဆို ရှည်လှ ဆန်းလှပြီ ထင်နေခဲ့တာ ခုခေတ် နာမည်တွေနဲ့ဆို အိပ်နေရုံလောက်ပဲ ရှိမယ်ထင်ပါတယ်။ ဂျာနယ်သတင်းတွေ ဖတ်လေ့ ရှိတဲ့လူတွေဆိုရင် ဘယ်မင်းသား မင်းသမီး ရဲ့ ကလေးနာမည်က ဘာဆိုတာ သိပြီးသားတောင် ဖြစ်ချင်ဖြစ်မှာပါ။ ကျွန်မကတော့ တခါတလေမှ ကောက်ခါငင်ခါ ဖတ်တဲ့လူမို့ တွေ့မိသလောက်ကိုပဲ ပြောချင်ပါတယ်။

စပြောရမယ်ဆိုရင်ဖြင့်.. မင်းသား လူမင်းက သူ့သမီးကို ဧရာဝတီလူမင်းတဲ့။ (ကြုံလို့ပြောရရင် အစကတည်း က ကျွန်မတို့အိမ်မှာ လူမင်းနာမည်ကိုဆို လူမင်းဆိုတော့ ခွေးမင်း မဟုတ် လို့ပေါ့တို့ ဘာတို့ အမြဲနောက်နေကျပါ။) ဧရာဝတီဆိုတာ မြန်မာပြည်ရဲ့ အဓိကရ ရာဇ၀င်ထဲက သတို့သမီးမို့လို့ (သီချင်းတွေ နဲ့ ရောကုန်ပြီ) ကြိုက်လို့ ကလေးနာမည်ပေးချင်တာဖြစ်မှာပါ။ ကျွန်မစဉ်းစားမိတာက တော်ကြာ ကလေးကြီး လာတဲ့အခါ သံလွင်မျောက်မင်းတို့ ဒုဌ၀တီဝံမင်းတို့ နာမည်ပြောင်ပေးပြီး အနောက်ခံရရင် မခက်ပါလား။ နောက်မယ်ဆို မြစ်နာမည်တွေကလည်း အများကြီးရယ်။ မြန်မာ့ပထ၀ီသင်တဲ့အခါကျ မဟုတ်က ဟုတ်က နောက်ချင်လို့ ကုလားတန် လူမင်းဆို သွားရော။ ခုမှ လောလောလတ်လတ် သားလေးမွေးတဲ့ မင်းသား သားညီကလည်း သူ့သားလေးကို နာမည်ပေးရင် လင်းအရုဏ် ဒါမှမဟုတ် ဧကသားညီလို့ နာမည်ပေးမယ်စဉ်းစားထားသတဲ့။ (တကယ့် အဓိပ္ပါယ်ကတော့ ဧကဆိုတာ တစ်မို့လို့ပါတဲ့။) ကြီးလာရင် ဒီကောင်က ကျယ်ဆို ဘယ်နှဧကတောင်ကွလို့ အပြောခံရရင် ဘယ်လိုလုပ်မလဲ။ နောက်ချင် ရင်လည်း ဟက်တာတွေ ဖာလုံတွေ စကွဲမိုင်တွေဆိုမှ အကုန်ရှုပ်ကုန်ပါ့မယ်။ စိတ်ကူးတွေကွန့်မြူးပြီး နာမည်တွေ လျှောက်ခေါ်ကြည့်ရရင် ပြီးတော့မှာ မဟုတ်ဘူး။

နောက်ကလေးတစ်ယောက်နာမည်က မြတ်သောမောင်တဲ့။ နာမည်ကို ရုတ်တရက်ကြည့်လိုက်ရင်တော့ တယ်လည်း ကြီးကျယ် မြင့်မြတ်ချင် ကြသကိုးလို့ ထင်ရမှာပါပဲ။ သောဆိုတာ မြန်မာစကားမှာတော့ ဘာဖြစ်သော ညာဖြစ်သောလို့ ပြောလေ့ရှိကြတဲ့ နာမ၀ိသေသန နဲ့ နာမ်ကြားက အခေါ်အဝေါ်ပါ။ နံသောမောင်လည်း ဖြစ်နိုင်တာပဲ။ မလင်းဆိုရင် ယောင်သောလင်း လို့ပြောင်းခေါ်ရင် ကိုရီးယားနာမည်လေး လိုလို လှတောင် လှသေး။ အဲဒါဆို မလင်းက ကျွန်မကို ပျင်းသောဂျမ်းလို့ ပြန်ခေါ်မှာ။ ယောင်သောလင်း ဆိုတဲ့ နာမည်လောက် မလှဘူး မလင်းရေ။ လာမခေါ်နဲ့နော်။း) ဒီကလေးရဲ့ ဆွေမျိုး သမီးကလေးကလည်း ခေသူမဟုတ်။ ခေတ်သခင် ဆိုလား။ ဟဲ့ အကျိုးနဲ ဘာတဲ့တုန်းလို့သာ အော်လိုက်ဖို့ကောင်းတော့တယ်။ ဒီနာမည် တွေက ခုတလောမှာ လောလောလတ်လတ်တွေ့လိုက်တာလေးတွေပါ။ အရင်က ဖတ်မိတဲ့ထဲမှာ ရုပ်ရှင်မင်းသမီးကြီး ၀ါဝါ၀င်းရွှေရဲ့ မြေးတွေ နာမည်တွေကိုလည်း သတိထားမိလိုက်ပါသေးတယ်။ နာမည်ကျော် အဘွားရဲ့ မြေးတွေမှန်းသိအောင်ထင်ပါရဲ့။ ဖတ်မိတုန်းက ၀ါတာတွေရော ရွှေတာတွေရော နာမည် လေးလုံးတွေနဲ့ လျှာတွေပါ ခလုတ်တိုက်ပြီး ပါးစပ်တွေတောင် ကျိန်းချင်စရာလို့ ထင်မိပါတယ်။

ဒီသတင်းတွေထဲမှာသာမက အပြင်လောကမှာပါ ကျွန်မ မသိသော ဆန်းပြားတဲ့ နာမည်တွေ များစွာ များစွာရှိဦးမှာပါပဲ။ ကျွန်မမှာတော့ နာမည်ဆန်းဖို့ဝေးလို့ သုံးလုံးလောက်ဆိုရင်တောင် လွန်လှပြီထင်တတ်တဲ့ အမျိုးတွေထဲမှာ ကြီးပြင်းလာတာမို့ နာမည်အထူးအဆန်းဆို အံ့ကိုသြလို့နေတာပါပဲ။ ကျွန်မရဲ့ အစ်မတွေရဲ့ သားသမီးတွေ နာမည်ပေးကြတဲ့ အခါမှာလည်း ဗေဒင်တွေမေးရ၊ နှစ်ဘက်ဆွေမျိုးတွေသဘောကိုမေးရ နဲ့ ရှုပ်နေတာတွေ တွေ့ခဲ့ဖူးပါတယ်။ ဗေဒင်ဆရာတွေကလည်း ကိုရီးယားကားတွေ ခေတ်စားချိန်မို့ ရွေးပေးလိုက်တဲ့ နာမည်တွေက မြန်မာမှ ဟုတ်ကျသေးရဲ့လားလို့ မေးရမယ့်အတိုင်းပါ။ ယွန်းမီတို့၊ ဆန်းမီတို့လို မင်းသမီး နာမည်မျိုးတွေလည်း ပါပါတယ်။ နောက်တူမလေး တစ်ယောက်ရဲ့နာမည်ဆို သန့်နဲ့စ ပါတယ်။ အဲဒီအခါကျတော့ မ သန့်ဘယ်သူဆိုရင် မသန့်သလို ဖြစ်နေပါ့ မယ်ဟဲ့ ဆိုပြီး အမျိုးတွေက ၀ိုင်းပြောကြရော။ ကြီးတော်ကြီးများက ကလေးနာမည်ကို အသံထွက်တူတာ တွေနဲ့လည်း ဖျက်ကြည့်ကြပါ သေးတယ်။ ဥပမာပြောရရင် ကျွန်မကြိုက်တဲ့ ရုပ်ရှင်မင်းသား ဒွေးကိုဆို အိမ်မှာ သံတူကြောင်းကွဲ မျိုးစုံနဲ့ ခေါ်ပြီး ကျွန်မ စိတ်တိုအောင် အမြဲစလေ့ရှိကြပါတယ်။ နောက်တစ်ခု ကတော့ ကလေးကြီးလာရင် အနောက်ခံရမှာစိုးလို့ နာမည်ကို နောက်ပြန်ခေါ်ကြည့်တာပါ။ ကိုယ်ကတော့ နာမည် လေးကို ကောင်းလှချည် ရဲ့ဆိုပေးလိုက်ပေမယ့် ပြောင်းပြန်ပြန်ခေါ်လိုက်ရင် မဟုတ်ကဟုတ်က အသံထွက်တွေ ပေါ်လာမှ ဟုတ်ပေ့ဖြစ်နေမှာ စိုးရတယ်လေ။ ဥပမာ အငယ်ဆုံး အထွေးဆုံးမို့ ချစ်လွန်းလို့ မသက်ထွေးလို့ နာမည်ပေး လိုက်ပေမယ့် ပြောင်းပြန်ခေါ်တော့ မသေးထွက်ဖြစ်နေရော။

ကျွန်မတို့ကလေးဘ၀ က နာမည် အဆန်းတွေ သိပ်ခေတ်မစားသေးပေမယ့် ခပ်ငယ်ငယ်အချိန်လောက်မှာ ဇါတ်ကောင်နာမည်ဆန်းဆန်းတွေနဲ့ ၀တ္ထုတွေ ခေတ်စားလာတာ မှတ်မိပါသေးတယ်။ မှတ်မိကြလားမသိဘူး မောင် ဇာတ်လမ်းထဲက စ၀်ချဉ်ဗလွတ် အဲ ယောင်လို့ စ၀်နေဗလလို နာမည်မျိုးတွေလေ။ အဲဒီတုန်းကဆို ရုပ်ရှင်ကြည့်ရင် အမေတွေ အဒေါ်တွေက ဟဲ့ သူ့နာမည်က ဘာတဲ့ဆို ပြီး အခေါက်ခေါက် ပြန်ပြန်မေးရလောက်အောင် ဆန်းတာတွေကို စကြားဖူးခဲ့တာပါ။ ကျောင်းတုန်းကလည်း အဆိုတော်ဖြစ်ချင်တဲ့ သူငယ်ချင်းတစ်ယောက်က သူ့အနုပညာနာမည်ပေးတာ သံစဉ်ဘာဖြစ်ဆိုလားပဲ။ သူငယ်ချင်းတွေ ၀ိုင်း အားပေးလိုက်တော့ မေခဲမလောက်ဆိုတဲ့ နာမည်ဖြစ်သွားရော။ အဖေနာမည် ငါးလုံးလောက်ကို surname လို သားသမီးနာမည်မှာ ထည့်ပေးတာတွေလည်း ကြားဖူးပါတယ်။ တစ်ခေါက်က အသိတစ်ယောက် မင်္ဂလာဆောင် ဖိတ်စာမှာတွေ့မိတဲ့ သတို့သမီးနာမည်က အဝေးပြေးကား နာမည်နဲ့တောင် ခပ်ဆင်ဆင် တူနေလေရဲ့။ နာမည်တွေအကြောင်းပြောရင်း သူများ တွေကို နှိပ်သလိုဖြစ်နေရင်လည်း တောင်းပန်ပါတယ်။ သူများထက် ထူးပေ့ ကောင်းပေ့ သာပေ့ မြင့်ပေ့ဆိုတဲ့ နာမည်တွေ ရွေးချင်ကြတဲ့ လောကကြီးကို မျက်စိဆံပင်မွှေးစူးနေတဲ့ လူတစ်ယောက်ရဲ့ အမြင်နဲ့သာ ရေးခြင်းဖြစ်ပါတယ်။ ဒါမှမဟုတ် တောနာမည်ပဲပိုင်လို့ နာမည်ခပ်မိုက်မိုက်တွေကို မနာလိုဖြစ်နေတာလို့ပဲ ထင်ချင်လည်း ထင်သွားလိုက်နိုင်ပါတယ်။ ဟုတ်တယ်လေ။ ခုရေးတဲ့လူရဲ့နာမည်ကိုက တောစတိုင်နဲ့ ပေးထားတဲ့ ရွှေဂျမ်းကိုး။

Read More...

Sunday, December 7, 2008

ဆာရှီမီ ချင်ခြင်း

မလင်းက ခုတလော သူ့ဘလော့နဲ့ အခြားဘလော့တွေက အစား အသောက်တွေ လာလာပြပြီး နှိပ်စက် လွန်းတော့ ဖတ်ရတဲ့လူက သွားရည်ခံ လေးဝတ်ပြီး ဘလော့ဖတ်ရမလို ဖြစ်နေပြီ။ ဒီတစ်ပါတ်တော့ ဟင်း က လည်း ချက်ချင်စိတ်မရှိပြန်ဘူး။ နောက်ပြီး ဘယ်လိုဖြစ်တယ်မသိ ဂျပန်စာ ဆာရှီမီကို တမ်းတမ်းတတ စားချင်နေတာနဲ့ ဒီမြို့က ဘူဖေးဆိုင်မှာ တစ်ယောက်တည်း သွားပြီး အ၀စားလာခဲ့တယ်။ အဲဒီဆိုင်ကို တူမလေး လာတုန်းကလည်း ခေါ်သွားဖူးတယ်။ ဒီတစ်ခါတော့ အ၀စားလည်း အရှက်ကွဲစရာ မရှိဘူးဆိုတော့ ပင်လယ်စာတွေချည်း စိတ်ထင်တိုင်းကို အ၀ စားပစ်လိုက်တယ်။ ဆိုင်က ဆီးဖုဒ် ဘူဖေးဆိုတော့ ပင်လယ်စာ တွေ တော်တော်တော့ စုံသား။ ဂဏန်းကြီး၊ ဂဏန်းသေး၊ ပုစွန် အမျိုးမျိုး၊ ခရုဆိုက်စုံ (oyster, mussel, clam)၊ ဆူရှီ ဆာရှီမီ မျိုးစုံ၊ ငါးဟင်းမျိုးစုံ ရတယ်။ တရုတ်စာတွေလည်း ရှိပေမယ့် ဂျပန်စာကိုပဲ စားချင်စိတ်နဲ့ သွား တာမို့ တရုတ်စာတွေ ထိတောင် မထိခဲ့ဘူး။ အချိုရည်သောက်တာရော၊ tips ပေးတာအပါအ၀င် ၁၅ကျပ်လောက်တော့ ကျတယ်။ ဒါပေမယ့် ရိုးရိုး ဂျပန်ဆိုင်သွားစားမယ်ဆို မှာတာလေး တစ်မျိုးနှစ်မျိုးနဲ့တင် အဲဒီလောက်ကျမှာလေ။ ခုတော့ ပင်လယ်စာတွေမျိုးစုံ ဗိုက်ကားအောင် စားပြီး အချိုပွဲလေးတောင် ပါတာကို အဲဒီလောက်ဆိုတော့ မဆိုးဘူးလို့ပြောရမယ်။ ပေးရတဲ့ တန်ဖိုးအတွက် အစားအသောက်ကလည်း အရသာ ရှိတယ်ဆိုရင် ဒီနေ့သွားစားတာအတွက် ပေးရတာ ဒီကနှုန်းတွေနဲ့ယှဉ်ရင် သိပ်မများလှပါဘူး။ အင်း .. ဘယ်လိုပဲဖြစ်ဖြစ် အပြင်စာတွေ စားတာ လျှော့မယ်ဆိုပြီးမှာ ဆာရှီမီ ချင်ခြင်းတပ်လို့ ပိုက်ပိုက် ထွက်သွားပြန်ပါရော့လား။ တစ်ယောက်ထဲ စားရင် မတန်မှာစိုးလို့ အားလုံးကို ကျွေးနိုင်အောင် ဓါတ်ပုံရိုက်လာခဲ့တယ်။ ဂျမ်းလိုပဲ ပင်လယ်စာ တမ်းတနေတဲ့အခိုက်နဲ့ကြုံရင်တော့ ဘူဖေးမို့ အ၀သာ စားသွားပေတော့နော်။

Read More...

Saturday, December 6, 2008

ကိုယ့်ကိုယ်ကို မုန်းသောအချက်များ

မလင်းက tag ထားပြန်ပါတယ်။ ကိုယ့်ကိုယ်ကို မုန်းတဲ့အချက် ၁၀ချက်တဲ့။ သူများရေးတာတွေ လိုက်ဖတ် ကြည့်တော့လည်း တူတဲ့ အချက်တွေက အတော်များသား။ တစ်ယောက်စီနဲ့ အနည်းဆုံး သုံးလေး ချက် လောက်စီတော့ တူတတ်ကြတယ်ဆိုတော့ ကိုယ့်ကိုယ်ကို သိပ်စိတ်ပျက်စရာလို့ မတွေးမိတော့ဘူးပေါ့။ (အဲလို ဖြေတွေးတွေးတာကိုက မုန်းစရာနော်။)

၁။ မလုပ်ချင်သေးသော အလုပ်များကို နေ့ရွှေ့ညရွှေ့ ရွှေ့ခြင်း (Procrastinate လုပ်ရာမှာ Pro ပေါ့ကွယ်။)
၂။ တွေဝေခြင်း
၃။ ရင်ထဲက အနာများကို အလွယ်တကူ မမေ့ပျောက်တတ်ခြင်း
၎။ ခေါင်းမာခြင်း - မှန်တယ်ထင်ရင် မလျှော့တတ်ခြင်း
၅။ စိတ်တို စိတ်ပျက်ရင် ဟန်မဆောင်တတ်ခြင်း
၆။ အားနာတတ်ခြင်း
၇။ အိမ်အလုပ် မလုပ်ချင်၊ မလုပ်တတ်ခြင်း
၈။ လွမ်းစရာတွေ စဉ်းစားမိရင် အင်မတန် ၀မ်းနည်းတတ်ခြင်း
၉။ အာရုံများခြင်း သို့မဟုတ် လုပ်ချင်တဲ့အလုပ်တွေ အရမ်းများခြင်း
၁၀။ စကားများခြင်း

ဒီ၁၀ချက်မှာ ဘယ်အချက်က ဘယ်အချက်ထက် ပိုတယ်ဆိုတာမျိုး စဉ်ထားတာမျိုးမဟုတ်ပါ။ စိတ်ထဲမှာ စဉ်းစားလို့ရတာ ၁၀ချက်ကိုသာ မြန်မြန်ချရေးလိုက်တဲ့သဘောပါ။ တကယ်သာ ဆက်ရေးရရင် အချက်တွေကို နည်းမှာမဟုတ်ပါဘူး။ ဒါပေမယ့် အကုန်သာ ဆက်ပြောရင်လည်း ကောင်းတာ မကျန်တော့ပဲ နေမှာစိုးလို့ ဒီ၁၀ချက်နဲ့ပဲ ဖြတ်လိုက်ပါတော့မယ်။ ကဲ.. အကြွေးကျေပြီနော် အကြွေးရှင် ဒေါ်ဒေါ်လင်းရေ။

Read More...