သူများတွေ ချစ်ကြည်နူးနေကြတဲ့ Valentine's Day က ကျွန်မအတွက်တော့ စနေနေ့တစ်ရက်ထက် သိပ်ပိုမယ် မထင်ပါဘူး။ မိသားစုအပါအ၀င် ချစ်ရသူတွေ အနားမှာ မရှိနေတဲ့ အချိန်တွေဟာ ပျော်သင့်သလောက် ပျော်စရာ မကောင်းသလိုမို့ ဘာလင်က တံတိုင်းကြီးခြားနေသလို ခံစားရလို့ ဘာလင်တံတိုင်းနေ့လို့ ခေါ်ရမလားပဲ။ (အမှန်ကတော့ နောက်နောက်ပြီး ခေါ်ရင်းနဲ့ နှုတ်ကျိုးနေတာပါ။) ပြောရရင် ဒီနေ့ဆို ကိုယ့်မှာ အလုပ်တွေများပြီး ဟိုပြေး ဒီပြေး ဖြစ်နေချိန်မှာ ရုံးမှာ သူများတွေက ပန်းတွေရကြ မိုးပျံ အသည်းပုံ ဘောလုံးတွေ ရကြနဲ့ တော်တော်ကို မျက်စိနောက်လာတယ်။ (မနာလိုတွေဖြစ်နေတယ်လို့ ပြောလည်း မငြင်းပါ။) ဒါပေမယ့် ဟိုတစ်နေ့က သူများဆီမှာ သွားသင်လာတဲ့ ဘာလင်တံတိုင်း အဲ Valentine ကဒ်လေးတွေကို ကြွားချင်လို့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။ပြီးခဲ့တဲ့ စနေက ရုံးက အမျိုးသမီးတစ်ယောက်က အလှတံဆိပ်တုံး ကုမ္ပဏီက ကိုယ်စားလှယ်ယူထားတာမို့ ကြော်ငြာရင်း Valentine's Day ကဒ်လေးတွေ လုပ်တာ သင်ပေးမယ်ဆိုလို့ သူ့အိမ်မှာ စုပြီး သွား လေ့လာ ခဲ့ပါတယ်။ အခုနောက်ပိုင်း ဒီက အမျိုးသမီးတွေကြားမှာ ခေတ်စားတဲ့ ၀ါသနာတစ်ခုက scrapbooking လို့ခေါ်တဲ့ မိသားစု ဓါတ်ပုံတွေကို အလှဆင်ပြီး အမှတ်တရ စာအုပ်တွေ လုပ်ကြတာပါ။ အဲဒီဝါသနာနဲ့အတူ အလှ တံဆိပ်တုံးလေးတွေကို သုံးပြီး ကဒ်လေးတွေနဲ့ တခြား လက်မှုပစ္စည်းလေးတွေကို စက္ကူနဲ့ လုပ်ကြတာလည်း ခေတ်စားပါတယ်။ အဲဒီနေ့က စက္ကူလေးကို စိတ်ရှည်လက်ရှည် ဖြတ်ညှပ်ကပ်ပြီး လိုချင်တဲ့ ပုံလေးတွေ ဖော်ရင်း ကဒ်လှလှလေးတွေ လုပ်ကြရတာပါ။ ပျော်စရာ စိတ်ဝင်စားစရာကောင်းပြီး ရလာတဲ့ ကဒ်လေးတွေကလည်း ချစ်စရာကောင်းလှပါတယ်။ သူများကို ပေးရရင်လည်း ကိုယ်တိုင်လုပ်တဲ့ ကဒ်လေးတွေမို့ အချိန်အား လူအား စိုက်ထုတ်ထားတဲ့ ကဒ်လေးတွေမို့ ပိုက်ဆံပေးဝယ်လို့ရတဲ့ ကဒ်လေးတွေထက် ပိုအဖိုးတန်မှာလည်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဖန်တီးမှုစိတ်ကူးတွေ ထူးရင် ထူးသလို သူများနဲ့ မတူ ထူးခြားတဲ့ ကဒ်ပုံလေးတွေကို လည်း ရနိုင်တာပါ။ အဲဒီနေ့က အဲဒီအမျိုးသမီးက သူလုပ်ထားတဲ့ ကဒ်လေးတွေ မျိုးစုံကိုလည်း ခင်းကျင်း ပြထားပြီး ကျွန်မတို့ကိုလည်း ကဒ်လုပ်နည်းလေးတွေ သင်ပေးပါတယ်။ သူ့သင်ပြပေးတာရယ် ကိုယ့်စိတ်ကူးလေးတွေရယ် ပေါင်းစပ်လိုက်တော့ ပြထားတဲ့ ဓါတ်ပုံထဲက ကဒ်လေးတွေ ဖြစ်လာပါတော့တယ်။ ဖဲကြိုးလေးနဲ့က ကဒ်လေးတွေကို ထည့်သိမ်းစရာ စာအိပ်လေးပါ။ ကဒ်လေး ၄ခုကတော့ လိုရာလူ ပေးလို့ရပြီပေါ့။ ဘယ်သူ့ပေးမှာလဲလို့တော့ မမေးပါနဲ့။ ကဒ်လေးတွေက ချစ်စရာကောင်းလို့ ဘယ်သူ့မှ မပေးတော့ဘူးနော်။
ဒီနှစ် ဘာလင်တံတိုင်းနေ့ကတော့ ဗော့ဒ်ကာသောက်ရင်း ဘောလုံးပွဲကြည့်ရတဲ့ စနေနေ့တစ်နေ့ ဖြစ်ဦးမှာ မလွဲပါဘူး။
မှတ်ချက်။ ။ stamping ကို စိတ်ဝင်စားတဲ့သူတွေ အတွက်ကတော့ လေ့လာချင်ရင် Stampin Up! လို့ ခေါ်တဲ့ဆီမှာ ဆက်လေ့လာလို့ ရပါတယ်။

6 comments:
ကဒ်လေးတွေက လှလိုက်တာ.. ပေးရမှာ နှမြောလည်း နှမြောစရာ ဂျမ်းရေ။ ဘာလင်တံတိုင်း အခေါ်အဝေါ်ကို အရမ်းသဘောကျသွားတယ်။ ကိုယ်မပေးပေမယ့် သူများပေးလာတာရှိရင်လည်း အမတွေကို ပြောပြဦးနော်။ :) happy ဘာလင် တံတိုင်း day!
ကဒ်ကလေးတွေကို အကြိးချဲ့ပြီးကြည့်သွားတယ်
ဟတ်ချိုးးးး
(နှာစေးနေတယ်)
ဘာလင် တံတိုင်းကြီး အမြန်ပြိုပါစေ မဂျမ်း :)
ဟုတ်တယ်။ တို့လဲ နှာခေါင်းမကောင်းလို့။(မနာလိုသံဖြင့်ပြော) ပုံကြီးချဲ့နေရာမှ..
ကဒ်လေးတွေလှတယ်နော်... ရတဲ့လူကံကောင်းတာပဲ။ ရွှေဂျမ်းတို့ လုပ်တတ်တာစုံနေပြီ...
နောက်ကျပြီးလာဆုတောင်းပါတယ်...
Happy Valentine's Day
Post a Comment