Sunday, February 22, 2009

Jambalaya

ဒီနေ့ ချက်စားဖြစ်တဲ့ New Orleans Jambalaya ပါ။ ချက်တယ်ဆိုလို့ အစအဆုံး ပြင်ဆင်ချက်တယ်လို့ မဆိုလိုပါဘူး။ ချက်ဖို့ အဆင်သင့်လာတဲ့ ဘူးလေးကို ဖောက်ပြီး ၀က်အူချောင်းနဲ့ ရောလိုက်တာပါပဲ။ အမြင်အားဖြင့်တော့ ဒန်ပေါက်နဲ့ ခပ်ဆင်ဆင် တူမလားပဲ။ ထမင်း၊ ဟင်းခတ် အမွှေးအကြိုင် အစုံနဲ့ ၀က်အူချောင်းတို့ပါတဲ့ အမေရိကန် တောင်ပိုင်းရဲ့ အစားအသောက် တစ်မျိုးပါ။ ပြင်သစ်၊ စပိန်၊ ကာရီဘီယန်၊ မြေထဲပင်လယ်၊ အမေရိကန်နဲ့ အာဖရိကန် အရသာတွေ ပေါင်းစပ်ထားတဲ့ စားစရာတစ်မျိုးဖြစ်ပါတယ်။ ဒီထမင်းပွဲဟာ ဒန်ပေါက်လိုလို ဘာလိုလိုနဲ့ မြန်မာပါးစပ်မှာ ခံတွင်းတွေ့စေမယ့် အရသာမျိုးရှိတာမို့ စိတ်ကူးပေါက်တဲ့ အခါ ချက်စားဖြစ်လေ့ရှိပါတယ်။

ဒီထမင်းပွဲကို ချက်ရင် ထမင်းကို သပ်သပ်ချက်ပြီးမှ အဆာပလာတွေနဲ့ ရောတာမျိုး မဟုတ်ပဲ အိုးတစ်ခုထဲမှာပဲ အားလုံးပေါင်းစပ် ချက်တဲ့ နည်းကို သုံးရပါတယ်။ ဒီအစားအစာဟာ လူဝီစီယားနားပြည်နယ် နယူးအော်လင်းက ပြင်သစ်တွေကြီးစိုးခဲ့တဲ့ အရပ်က စလူကြိုက်များခဲ့တာပါ။ ဒီနယ်မှာ တိုက်တိုက်ဆိုင်ဆိုင် ပြီးခဲ့တဲ့ တစ်ပါတ်ထဲမှာပဲ မာဒီဂရာပွဲတော်ကို ပျော်ပျော်ပါးပါး ကျင်းပခဲ့ကြတာ သတင်းတွေထဲမှာ တွေ့လိုက်ရပါတယ်။ မာဒီဂရာပွဲတော်ဆိုတာ Ash Wednesday မရောက်ခင် အင်္ဂါနေ့မှာ ကျင်းပတဲ့ ပွဲတော်တစ်ခုပါ။ မာဒီဂရာဆိုတာ ပြင်သစ်လို Fat Tuesday လို့ ခေါ်ပါသတဲ့။ ဒီပွဲတော်ကို အထူးတလည် သိုက်သိုက်မြိုက်မြိုက် ကျင်းပလေ့ရှိတဲ့ နေရာ နှစ်ခုကတော့ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုနဲ့ အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ် နယူးအော်လင်းစ်မြို့တို့ပဲဖြစ်ပါတယ်။ ၀တ်စုံ အဆန်းအပြားတွေ မျက်နှာဖုံးတွေ ပုတီးတွေဝတ်ကြ ဆွဲကြနဲ့ ပျော်ကြ ပါးကြ သောက်ကြ စားကြနဲ့ လမ်းမတွေပေါ်မှာ လမ်းလျှောက်ရင်း ပျော်ကြတဲ့ ဒီပွဲနဲ့ Jambalaya၊ gumbo စတဲ့ အစားအသောက်တွေဟာ ဒွန်တွဲလို့ကို နေပါတယ်။ ကျွန်မကတော့ တစ်နှစ်တစ်ခါ ကျင်းပတဲ့ မာဒီဂရာပွဲတော်ရဲ့ သတင်းတွေကို တွေ့တိုင်း New Orleans Jambalaya ကို ချက်စားဖြစ်လေ့ရှိပါတယ်။ မိတ်ဆွေတို့လည်း စမ်းပြီး ချက်စားကြည့်ချင်ရင် အောက်က လင့်ခ်လေးတွေအတိုင်း ရှာဖွေပြီး ချက်စားကြည့်နိုင်ပါတယ်နော်။
ဝီကီက Jambalaya အကြောင်း - http://en.wikipedia.org/wiki/Jambalaya
မာဒီဂရာ အကြောင်း - http://en.wikipedia.org/wiki/Mardi_Gras
အဆင်သင့် ချက်စရာ Jambalaya - http://www.zatarains.com/
ချက်နည်းများ - http://www.gumbopages.com/food/jambalaya.html

7 comments:

လင်း said...

စားချင်စရာလေး ။ တခါမှ မစားဖူးဘူး။

မီယာ said...

တခါမှ မစားဖူးသေးဘူး... အရင်စားကြည့်ပြီးမှ ချက်ကြည့်ရမယ်... နံမည်ကလည်း ဆန်းတယ်နော်.. အသိတစ်မျိုးတိုးသွားပြီ.. ကျေးဇူးဂျမ်းရေ

Moe Cho Thinn said...

သူတို့ ရိုးရာ အစားအစာတွေလဲ ဒီလိုပဲ မြည်းစမ်းရင်း ကြိုက်သွားရင် ကောင်းတာပေါ့ ဂျမ်းရေ။ တို့ကတော့ အစားအစာဆိုရင် ငြင်းတယ် မရှိပါဘူး။ စမ်းသပ် စားကြည့်ချင်တာရော၊ လာကျွေးရင် အားနာတတ်တာရော၊ ကိုယ်ကိုယ်တိုင် အစားမက်တာရော ဆိုပါတော့..

ThuHninSee said...

စိတ်ဝင်စားတယ် ဂျမ်းရေ။ ဟိုနေ့က ကုလားဆိုင်က
masala rice ready made၀ယ်စားဖြစ်တယ်။
ဒန်ပေါက်တော့ မရဘူး။ ဒီမှာရှာအုံးမယ်။

Su said...

looks like Paella .
i love Paella, so i think i'll love it too :D

Su said...
This post has been removed by the author.
P.Ti said...

စားဖူးဘူးဗျ... စားချင်တာပဲ... အမချိုသင်းပြောသလို အစားအစာဆိုငြင်းတယ်မရှိ...

စားမှာပဲ... စားမှာပဲ.. ဖြစ်ဖြစ်နေတယ်.. အဟီး