စားဖို့အတွက် အလုပ်လုပ်ကြရသတဲ့
အစားတစ်လုပ်အတွက်
နေ့နေ့ညည
အလုပ်တွေလုပ်ကြ
စားလိုက်ကြ
သောက်လိုက်ကြ
အောင်ပွဲတွေ ခံလိုက်ကြ
တရေးနိုးထတော့
အလုပ်တွေ ပိုလုပ်လိုက်ကြ
စားကြသောက်ကြ
....................
ဒီလိုနဲ့
ကုန်လာတဲ့ အချိန်တွေ ပြန်ကြည့်လိုက်တော့
..အလို..
အလုပ်က ငါ့ကို ပြန်စားနေပြီ။
ကျွန်မ အလုပ်များနေတယ်လို့ ပြောပြောနေတာ ကြာတောင်နေပါပြီ။ အလုပ်က နားရက်လေး ရနိုးရနိုးနဲ့ နေလာလိုက်တာ လနဲ့သာ ချီလာတယ် ခုထိ သေသေချာချာ ခွင့်မယူနိုင်သေးဘူး။ မိုးလင်းကနေ မိုးချုပ် အလုပ်နဲ့အိမ်ကလွဲလို့ ဘာမှမလုပ်နိုင် ဘယ်မှ မသွားနိုင်တာ တော်တော် ကြာခဲ့ပါပြီ။ တခါတလေ စနေနေ့ တောင် အလုပ်သွားလုပ်ရတတ်သေးတယ်။ နားဦးလေ တို့ ဟောလီဒေးမသွားဘူးလားတို့ ဗကေးရှင်း ယူဦးလေ တို့ ပြောရင် မချိပြုံးပြုံးရုံကလွဲလို့ ဘာမှပြန်မပြောတော့ပါဘူး။ ရုံးမှာ system conversion တစ်ခု လုပ်ထားခါစမို့ ဘယ်သူမှ ဗကေးရှင်းလည်း မသွားနိုင် ခွင့်ယူဖို့တောင် အနိုင်နိုင်ဖြစ်နေကြပါတယ်။ အရေးထဲ စီးပွားရေးကျပ်တည်းတဲ့ ကာလ မို့ အကူထပ်ခေါ်ခန့်ဖို့ကလည်း ဘတ်ဂျက်မရှိကြပြန်ပါဘူး။ အဲဒီအခြေအနေထဲမှာ တာဝန်ယူတတ်တဲ့လူတွေက ပိုပင်ပန်းနေကြပြီး အချိန်တန် ၅နာရီဒေါင်ဆို အိမ်ပြန်ရမှဆိုတဲ့ လူတွေကလည်း ပြန်ဆဲပါပဲ။ အလုပ်ကို စိတ်အားလူအားထည့်ပြီး လုပ်တတ်တဲ့ ကျွန်မလည်း လူရော စိတ်ပါ တော်တော်ကို ပင်ပန်းနေပါပြီ။ အလုပ်လောဘကြီးတာကိုးလို့ ပြောရင် ကြီးချင်လို့ ကြီးတာမဟုတ်ဘူးဟေ့ လို့ ပြန်ပြောလိုက်ချင်ပါတယ်။ တစ်ရက်ခွင့်ယူလိုက်ရင် ပုံနေတဲ့ အလုပ်တွေက မနည်းဘူးမို့ ခွင့်ယူဖို့တောင် ခပ်ကြောက်ကြောက်ဖြစ်နေပါတယ်။ ကိုယ့်အတွက်လည်း သူများက ၀င်ကူ လုပ်ပေးရအောင်လည်း သူတို့ ဘာသာ သူတို့တောင် အနိုင်နိုင်ဖြစ်နေကြတာမို့ ဘယ်သူ့ကိုမှ တာဝန်ပို မပေးချင်တာလည်း ပါပါတယ်။ ရုံးနဲ့ အိမ် အိမ်နဲ့ရုံးကြားမှာ ပတ်ဝန်းကျင်က သဘာဝအလှတွေလည်း မခံစားနိုင်၊ စာလည်း မရေးနိုင်မဖတ်နိုင်၊ ပန်းချီလည်း မဆွဲနိုင်၊ လုပ်ချင်တာတွေ မလုပ်နိုင် ဖြစ်နေတာ ကြာလာတော့ မွန်းကျပ်လာ ပါတယ်။ တစ်ခါတလေ ရုံးကပြန်လာရင် မောလွန်းလို့ အီးမေးလ်မစစ်၊ ဖုန်းမကိုင်နဲ့ ဆက်သွယ်မှု ဧရိယာ ပြင်ပကို တမင်ကို ထွက်ထွက်နေမိတတ်လာတယ်။ ထီပေါက်ရင် အလုပ်ထွက်မယ်ဆိုပြီး mega millions jackpotများ ပေါက်လေမလားလို့ ထီလည်း အပါတ်စဉ် ထိုးနေ ပါတယ်။ (ထီပေါက်မှ အလုပ်ထွက်ပြီး ကမ္ဘာတစ်ပတ် ခရီးထွက် လျှောက်လည်ပစ်လိုက်မယ်။ :P ) အလုပ်ရဲ့ ကျွန်ဖြစ်လာနေတဲ့ ကိုယ့်ကိုယ်ကို သတိပေးရင်း ဒီကဗျာလေးကို ရေးမိလို့ ဒီပို့စ်ကို တင်ဖြစ်တာပါ။ ခင်မင်ရတဲ့သူများကို မနှုတ်ဆက်မိ မနှုတ်ဆက်နိုင်သေးရင် ခွင့်လွှတ်စေချင်ပါတယ်။
ဘလော့မိတ်ဆွေများကို သတိရလျှက် -အလုပ်ကျွန်ဘ၀က ရုန်းထွက်ရန် ကြိုးစားနေသော ရွှေဂျမ်း

9 comments:
ပူပါနဲ့ ဂျမ်းရယ် အားလုံး အလုပ်ကျွန်တွေချည်းပါပဲ.. လူ့ဘ၀ ရလာပြီ ဆိုတော့လဲ ( အလဲ့ လူလူသူသူ ရေးနေမိပြီ အတည်ပေါက်ကြီးနဲ့)
တနေ့ တနာရီလောက်တော့ အားလုံး မေ့ပစ်လိုက်ပေါ့ဂျမ်းရေ... အမကတော့ အဲလို လုပ်တယ်။ စမ်းကြည့် ....
ဟယ် တို့နံပါတ် တစ် ဖြစ်နေပါပေါ့လားးးး
ဗျာ...... စနေအလုပ်လုပ်ရတာ၊ ငါးနာရီထိုးပြန်ရတာ......... ငြီးငြူနေတယ်။ အင်း... အဲ့လောက်နဲ့သာ ငြီးငြူရစတမ်းဆိုရင်.........အင်း...... ကလူသစ်သာဆို.....သတင်းစာထဲမှာ ထင်ပေါ်အောင် MRT ရှေ့ ခုန်ချလိုက်ရင်ကောင်းမလားပဲ
း) တောင့်ထားဂျမ်းရေ..။
ကလူသစ်.. လှလှလေးဝတ်ပြီး ခုန်ချနော်။ ပိုထင်ပေါ်အောင် စူပါမင်းဝတ်စုံနဲ့ ခုန်ချ.. စူပါသစ်ဆိုပြီး နာမည်ကြီးအောင် ။
ဟုတ်ပါ့.. အလုပ်ကျွန်က ရုန်းထွက်နေတာ... အတူတူပဲ ထီထိုးနေမိတယ်..
ဒါမှမဟုတ်လည်း ညနေ ၅နာရီပြန်... စနေ တခါတလေ အလုပ်ဆင်းရတဲ့ နေရာပဲ ပြောင်းရင် ကောင်းမလား.. :P
အကောင်သေးသေးလေးဖြစ်နေလို့ ကိုယ့်ကိုစားမယ့်အလုပ်ကို ပေစောင်းစောင်းပဲ ကြည့်နေရတယ်.. ပြန်စားနိုင်တဲ့ဘဝ ရချင်လိုက်တာ..
သတိတရ အသစ်တင်ပေးတာ ကျေးဇူးတင်ပါတယ် မရွှေဂျမ်း.. အစ်မစာတွေဖတ်ရတာ အားရှိတယ်..
that's the bloody truth.
တို့ကတော့ အဲဒီ အလုပ်ကျွန် မလုပ်ချင်တော့လို့ အလုပ်ထွက်ပစ်လိုက်ပြီး နောက်ထပ် ကိုယ့်အလုပ်မှာကိုယ် ကျွန်အကြီးစား ပြန်လုပ်နေတယ်။
ဂျမ်းရေ.. လွမ်းတယ်။
တော်တော်ဆိုးတဲ့ အလုပ်း)
Post a Comment