Monday, December 14, 2009

Invictus - အနိုင်မခံ

အနိုင်မခံ
“ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမှောင်မိုက်တွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးဆိုပါ၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုတ်တွင်းသို့ ကျရောက်နေရသော်လည်း ငါကား မတုန်လှုပ်၊ မငိုကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ညွှတ်ကား မညွှတ်။
ဤဒေါသ လောဘတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ ငန့်လင့်လျက်ရှိ၏။ သို့သော် ငါကား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည့်ဖြစ်စေ၊ ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်။”

မြန်မာ့သမိုင်းနဲ့တကွ မြန်မာ့ဒီမိုကရေစီအရေးနဲ့ ရင်းနှီးတဲ့သူတွေအားလုံးနီးပါး ဒီကဗျာလေးကို ရင်းနှီးပြီးသားဖြစ်ကြမှာပါ။ ဗိုလ်ချုပ်အောင်ဆန်း (အဲဒီအချိန်က အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း) အိုးဝေမဂ္ဂဇင်း အတွဲ (၆) အမှတ်(၁)ရဲ့ အယ်ဒီတာ့ ခေါင်းကြီးမှာ ရေးသားခဲ့တဲ့ စာလေးဖြစ်ပါတယ်။ ဒီစာ ကြောင်းလေးတွေဟာ တိုသလောက် လူတွေရဲ့ စိတ်ထဲမှာ စွဲနေခဲ့စေလောက်အောင် အင်အား ပြင်းထန်တဲ့ စကားလုံးတွေပါ။ ဗိုလ်ချုပ်အောင်ဆန်းရေးခဲ့စဉ်က အင်္ဂလိပ်တွေရဲ့ မတရားမှုတွေကို အနိုင်မခံဖို့ ရည်ရွယ်ချက်နဲ့ ရေးခဲ့တာ ဖြစ်ကောင်းဖြစ်ပေမယ့် ကျွန်မတို့ မြန်မာ့သမိုင်းကြောင်းအစဉ်အဆက် မှာတော့ အဖိနှိပ်ခံနေရသ၍ ဒီစကားလုံးတွေက တရားမျှတမှုရရှိရေးမှာ ကြံ့ကြံ့ခံနိုင်ဖို့အတွက် အင်အားဖြစ်စေနေခဲ့ပါတယ်။ (ကျွန်မငယ်ငယ်က အဲဒီကဗျာလေး ကို မှတ်စု စာအုပ်လေးထဲမှာ ကူးရေးထားပြီး “ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ညွှတ်ကား မညွှတ်” ဆိုတဲ့ စာကြောင်းကို မြင်တိုင်း ဦးခေါင်းကို မော့ထား တဲ့ ခွပ်ဒေါင်း ကိုပဲ ပြေးမြင်မိနေခဲ့တယ်။ ကျွန်မတို့ခေတ် မျိုးဆက်တွေရဲ့ မတရားမှုတွေကို အနိုင်မခံဘူးဆိုတဲ့ သင်္ကေတက ခွပ်ဒေါင်းပဲ မဟုတ်လား။) ဒီကဗျာလေးကို စကြားဖူးကာစက ဗိုလ်ချုပ် အောင်ဆန်း ရေးခဲ့တာလို့ပဲ ထင်ခဲ့မိ တယ်။ နောက်မှ ဒီကဗျာလေးဟာ အင်္ဂလိပ် ကဗျာဆရာကြီး William Ernest Henly ရေးခဲ့တဲ့ Invictus ဆိုတဲ့ ကဗျာဆိုတာ သိခဲ့ရပြီး အင်္ဂလိပ်ရော မြန်မာလိုပါ နှစ်မျိုးလုံးကို စွဲစွဲလမ်းလမ်း မကြာခဏ ပြန်ဖတ်ခဲ့ပါတယ်။ အင်္ဂလိပ်လို မူရင်း ကဗျာကိုလည်း ပြန်လည် ဖော်ပြလိုက်ပါတယ်။ လက်တင်ဘာသာခေါင်းစဉ်ရှိတဲ့ "Invictus"ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန် ဆိုခဲ့သလို အနိုင်မခံလို့ အဓိပ္ပါယ်ရပါတယ်။ ရေးသူ ကဗျာဆရာကြီးဟာ ငယ်စဉ်ကတည်းက ဝေဒနာမျိုးစုံ ခံစားခဲ့ရသူမို့ ဘ၀ကပေးတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရင်း ဒီကဗျာကို ဆေးရုံကုတင်ပေါ်က ရေးခဲ့တာဖြစ်ပါတယ်။ ကဗျာကို အသံနေ အသံထားနဲ့ ဖတ်ပြထားတဲ့ Youtube က videoလေးကို စိတ်ဝင်စားရင် ဒီမှာ ကြည့်နိုင်ပါတယ်။

"Invictus" by William Ernest Henley; 1849-1903
Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.

In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbowed.

Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years
Finds and shall find me unafraid.

It matters not how strait the gate,
How charged with punishments the scroll
I am the master of my fate:
I am the captain of my soul.

မိမိကိုယ်ကို ယုံကြည်ချက်အပြည့်အ၀ရှိဖို့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ စိတ်အင်အားပေးတဲ့ အကောင်းဆုံး ကဗျာတွေကို ညွှန်းပါဆိုရင် ဒီကဗျာနဲ့ Rudyard Kipling ရဲ့ "If" ကဗျာတို့ဟာ ထိပ်ဆုံးက ကဗျာတွေပါ။ ဒီနေ့ "Invictus" ဆိုတဲ့ ရုပ်ရှင်ကို သွားကြည့်ဖြစ်ရင်း ဒီကဗျာလေးအကြောင်းကို သတိတရ ရေးချင်စိတ်ဖြစ်လာလို့ ဒီပို့စ်ကိုရေးဖြစ်တာပါ။ ရုပ်ရှင်ကတော့ Clint Eastwood ဒါရိုက်တာလုပ်ပြီး Morgan Freeman, Matt Damon တို့ ပါဝင် သရုပ်ဆောင် ထားကြပါတယ်။ သတင်းစာရေးဆရာ John Carlin ရေးခဲ့တဲ့ "Playing the enemy: Nelson Mandela and the Game that Made a Nation" ဆိုတဲ့ စာအုပ်ကို အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်း ကျောရိုးကတော့ ၁၉၉၅ခုနှစ် ၀န်းကျင်က တောင်အာဖရိကနိုင်ငံမှာ Nelson Mandela သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးကာစ အချိန်မှာ နှစ်ပေါင်းမြောက်မြားစွာ လူဖြူလူမည်း အသားအရောင် ခွဲခြားခြင်းခံလာရတဲ့ လူထုကို အားကစားနဲ့ ပြန်လည်ညီညွတ်မှုပေးခဲ့နိုင်တဲ့ အဖြစ်အပျက် ပါ။ တောင်အာဖရိကနိုင်ငံဟာ အသားအရောင်ခွဲခြားခြင်းကို နှစ်ပေါင်း ကြာရှည်စွာ ခံစားခဲ့ရတဲ့ နိုင်ငံဖြစ်ပါတယ်။ ကိုလိုနီခေတ်က အရင်းခံလာတဲ့ တောင်အာဖရိကနေ လူဖြူတွေက နယ်မြေခံ လူမည်း တွေကို ဖိနှိပ်ချုပ်ချယ်လာခဲ့ကြပြီး လူမည်းတွေက သူတို့ အခွင့်အရေးတွေပြန်ရဖို့အတွက် အချိန်အတော်ကြာ တိုက်ပွဲဝင်ခဲ့ ကြရတာပါ။ အဲဒီလို တိုက်ပွဲဝင်ခဲ့ကြတဲ့ ခေါင်းဆောင်တွေထဲမှာ Nelson Mandela ကတော့ လူသိ အများဆုံးပေါ့။ Mandela ဟာ နှစ်ပေါင်း ၃၀နီးပါး Robben Islandပေါ်က အကျဉ်းထောင်မှာ အကျဉ်းကျ ခံလာရပြီး ၁၉၉၀မှာမှ ထောင်က လွတ်လာခဲ့ပါတယ်။ ထောင်က ထွက်တာနဲ့ အသားအရောင်ခွဲခြားမှုတွေ ရပ်စဲဖို့နဲ့ တောင်အာဖရိကနိုင်ငံမှာ လူမည်းအများစု ပါဝင်မဲပေးနိုင်တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ ကြိုးပမ်းလုပ်ကိုင်ခဲ့ရာမှာ ၁၉၉၄ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတ အဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံခဲ့ရပါတယ်။ အဲဒီအချိန်ဟာ ပြောင်းလဲလာတဲ့ တိုင်းပြည် အတွက် အရေးကြီးတဲ့ အချိန်ဖြစ်သလို ခေါင်းဆောင်ဖြစ်လာတဲ့ Mandela နဲ့တကွ အာဖရိကန် အမျိုးသား ကွန်ဂရက် ပါတီအတွက် အင်မတန် အရေးကြီးတဲ့ အချိန်ပါ။ အဖိနှိပ်ခံခဲ့ရတဲ့ လူမည်းတွေရဲ့ ဆန္ဒတွေ နဲ့ ဖိနှိပ်ခဲ့ကြသူ လူဖြူတွေရဲ့ တန်ပြန်မှုကို စိုးရိမ်ကြောက်ရွံ့ခြင်းတွေ ကြီးမားနေချိန်မို့ အစိုးရသစ်ရဲ့ လက်အောက်မှာ လူဖြူလူမည်း အတူ လက်တွဲအလုပ်လုပ်ကြရာမှာတောင် အခက်အခဲတွေ အများကြီး ရှိခဲ့ကြပါတယ်။

လူမျိုးရေး တင်းမာမှုတွေကြားမှာ ပြန်လည်ရင်ကြားစေ့ရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးစားနေတဲ့ Mandela အတွက် တစ်နိုင်ငံလုံး စိတ်ဝင်စားတဲ့ Rugby အားကစားက ပြည်သူလူထု ပြန်လည် ညီညွတ်လာစေဖို့ များစွာ အထောက်အကူဖြစ်စေခဲ့ပါတယ်။ ခုန်နေတဲ့ သမင်ပုံ တံဆိပ်နဲ့ တောင်အာဖရိကနိုင်ငံရဲ့ Rugby ဘောလုံး အသင်း Springboks ဟာ တောင်အာဖရိကလူဖြူလူမျိုးအသင်းဝင်တွေအများစု ပါဝင်ပြီး လူဖြူ တွေကို ကိုယ်စားပြုခဲ့တာမို့ နယ်မြေခံ လူမည်းတွေက အားမပေးခဲ့ကြပါဘူး။ ၁၉၉၅ခု ကမ္ဘာ့ဖလား Rugby ဘောလုံး ပြိုင်ပွဲကို တောင်အာဖရိကနိုင်ငံမှာ ကျင်းပဖို့ ဖြစ်လာတဲ့အခါမှာ Mandela ဟာ Springboks အသင်းရဲ့ ခေါင်းဆောင် Francois Pienaar နဲ့တွေ့ခဲ့ပါတယ်။ နိုင်ငံရဲ့ ကိုယ်စားပြုအသင်းကို လူဖြူတွေသာမက လူမည်း တွေပါ အားလုံးက အတူတကွ အားပေးလာကြရင်၊ တောင်အာဖရိကအသင်းသာ ကမ္ဘာ့ဖလားပွဲမှာသာ နိုင်ခဲ့ရင် ပြည်သူလူထုထဲက လူဖြူလူမည်း ဆက်ဆံရေး တင်းမာမှုတွေ လျော့နည်းလာပြီး ပြန်လည် ညီညွတ်လာစေနိုင်မယ်လို့ ယုံကြည်တဲ့ Mandelaဟာ သူ့ရဲ့ယုံကြည်ချက်ကို ဘယ်လို အကောင်အထည်ဖော်ခဲ့တယ်ဆိုတာကို ဒီ Invictus ရုပ်ရှင်မှာ ဆက်လက် ကြည့်နိုင်ပါတယ်။


တောင်အာဖရိကနိုင်ငံရဲ့ အဖိနှိပ်ခံဘ၀က လွတ်မြောက်ရေး ကြိုးပမ်းမှုတွေဟာ ကိုယ့်တိုင်းပြည်က ကြိုးပမ်းမှု တွေနဲ့ အင်မတန် နီးစပ်တာမို့ ဒီရုပ်ရှင်ကို ကြည်ရတာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တိုင်းပြည်ပြန်လည် တည်ဆောက်တဲ့ အချိန်မှာ ရန်သူမိတ်ဆွေခွဲခြားမနေဘဲ ပြည်သူတွေဟာ တသွေးတသားထဲဖြစ်နေဖို့ လိုကြောင်း၊ တိုင်းပြည်ကောင်းကျိုးအတွက် ပြည်သူလူထုအားလုံးဟာ မိမိတို့အလုပ်ကို အကောင်းဆုံးကြိုးစားကြဖို့လိုကြောင်း၊ ပြည်သူအများ စိတ်ဝင်စားတဲ့ အားကစားဟာ အသုံးချတတ်ရင် တိုင်းပြည်အကျိုးဖြစ်စေနိုင်ကြောင်းတွေနဲ့ ရန်သူအပေါ် သဘောထားကြီးခြင်းကို စံနမူနာပြရင်း ပြည်သူကို မေတ္တာနဲ့ အုပ်ချုပ်ပြတဲ့၊ ခေါင်းဆောင်အသစ်ပေါ် ယုံကြည်မှုအပြည့်အ၀မရှိသေးတဲ့ ပြည်သူလူထုကို စည်းရုံးသွေးစည်းပေးနိုင်ခဲ့တဲ့ ခေါင်းဆောင်ကောင်းရဲ့ စရိုက်တွေကို ဇာတ်လမ်းထဲက ပေးတဲ့အဓိက အကြောင်းအရာတွေလို့ မြင်မိပါတယ်။ စာဖတ်သူတို့ ဒီရုပ်ရှင်သွားကြည့်ရင်လည်း တစ်နေ့ကျ တို့တိုင်းပြည်လည်း အဲဒီလို အခြေအနေဖြစ်လာခဲ့ရင်ဆိုတဲ့ အတွေးတွေကို မရဘဲမနေလောက်ပါဘူး။ လွတ်မြောက်သွားပြီဖြစ်တဲ့ တောင်အာဖရိကနိုင်ငံနဲ့ မလွတ်မြောက်သေးတဲ့ မြန်မာနိုင်ငံမှာ မတူညီတဲ့ အချက်တွေထဲက တစ်ချက်ကတော့ တောင်အာဖရိကနိုင်ငံမှာ လူဖြူတွေက ဖိနှိပ်သူတွေဖြစ်ပြီး လူမည်းတွေက အဖိနှိပ်ခံခဲ့ကြရသူတွေဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာကတော့ မြန်မာလူမျိုးတွေကပဲ ကိုယ့်လူမျိုးကို ပြန်ဖိနှိပ်နေတာမို့ ပိုတောင် ရင်နာစရာကောင်း ပါတယ်။ တစ်ဖက်ကလည်း ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန်ဆိုရေးခဲ့တဲ့ အနိုင်မခံ ကဗျာဟာ မြန်မာလူမျိုးအချင်းချင်း အဖိနှိပ်ခံရသူတွေအတွက် အားဆေးတစ်ခွက် ဖြစ်နေရတယ်ဆိုတာ ဗိုလ်ချုပ်များသိရင် ၀မ်းနည်းလေမလား မတရားမှုမှန်သမျှ လက်မခံတဲ့ မြန်မာတွေအတွက် ဂုဏ်ယူဝမ်းသာနေမလား စဉ်းစားမိတယ်။ ဒီ Invictus ကဗျာလေးကတော့ လူသားတွေ ဘ၀ အခက်အခဲတွေ ကျော်လွှားဖို့အတွက် စိတ်အင်အားတွေ ဆက်လက်ပေးစွမ်းနေမှာ အသေအချာပါပဲ။

4 comments:

P.Ti said...

ကြိုပြီးပြောပြထားလို့ ကျေးဇူးပါ။
စင်ကာပူမှာတော့ မပြသေးဘူးဗျ။ ပြရင်တော့ ကြည့်ဖြစ်အောင် ကြည့်မယ်။ တချို့လူတွေပြောတာကတော့ အော်စကာရမယ့်ကားတွေထဲမှာ အဲဒီရုပ်ရှင်ပါတယ်တဲ့။

ThuHninSee said...

ဘာရယ်..မဟုတ်ဘူး ဖတ်ကြည့်ရင်း သခင်မျိုးဟေ့ တို့မပါ ဆိုတာလေးကို သတိရတယ်။ပို့စ်နဲ့မဆိုင်ပါဘူး သတိရချင်တာရတာပါ။
း)

subuueain said...

အဲဒီကဗျာလေးကို စိတ်ညစ်တိုင်း ရွတ်နေကျ။ မျှဝေပေးတဲ့အတွက်ကျေးဇူးပါနော် :)

Moe Cho Thinn said...

သိပ်ကောင်းတဲ့ ပို့စ်ပါပဲ။ ရုပ်ရှင် အညွှန်းထက် မက နားလည် ခံစားသွားမိစေတာ..။

အခုလို ဒီဇင်ဘာ ဇန်န၀ါရီဆို ကားကောင်းတွေ တင်တတ်တယ်။ အော်စကာ အကြိုတွေပေါ့။ ရာသီဥတု အေးအေးမှာ ရုပ်ရှင်ကြည့်ရင်း တွေးရတာ ဇိမ်ပေါ့။

ဒီနေ့ precious သွားကြည့်ခဲ့တယ်။ အချိန်မရလို့ Invictus တော့ မကြည့်ခဲ့ရဘူး။ ဂျမ်းပြောမှ အခုပဲ ကြည့်ချင်လာပြီ။