Thursday, February 26, 2009

ဟောဒီက

ပဲပြုတ်... လို့ အော်ရအောင် ပဲပြုတ်သည်တော့ မဟုတ်ပါ။ ဒါပေမယ့် ပဲပြုတ်စားချင်လို့ ပဲကို ကုလားဆိုင်ကနေ သူများကိုဝယ်လာခိုင်း၊ ပဲကို ရေစိမ်၊ အပင်ဖောက်၊ ခုလို အိုးကြီးနဲ့ပြုတ် (တကယ်ကတော့ ပေါင်းတာပါ)၊ ခုလို တစ်အိုးကြီး ရပြီဆိုတော့ သူငယ်ချင်းတွေကိုလည်း ကျွေးလို့ရပြီပေါ့။ ထမင်းဖြူ ပူပူနွေးနွေးနဲ့စားမလား၊ နံပြားနဲ့စားမလား၊ ပေါင်မုန့်နဲ့ စား မလား၊ ကြက်သွန်နီလေးနဲ့ သုပ်ပြီး စားမလား၊ ပဲအီကြာဆိုတာမျိုး အီကြာကွေးနဲ့စားမလား .. ထမင်းကို ပဲပြုတ်လေးနဲ့ ကြော်တာဆိုလည်း ကောင်း.. ဘယ်လိုစားစား စားကောင်းတဲ့ ပဲပြုတ်ကို လွမ်းနေကြတဲ့ သူငယ်ချင်းတွေအတွက်ပါ။

Read More...

Monday, February 23, 2009

ဝက်ပုန်း

မနေ့က ရုံးပိတ်ရက်မို့လို့ ကြိုးစားပမ်းစား ဟင်းတွေ ချက်ဖြစ်တယ်။ ခေတ်အခါကလည်း သိပ်မကောင်းလေတော့ အပြင်မှာ ခဏခဏ ထွက်မစားပဲ ချွေတာရေးလည်းဖြစ် အိမ်ဟင်းလည်း အလွမ်းပြေဆိုပြီး ဟင်းကို တစ်ပါတ်စာလောက် ကြိုချက်ထားလိုက်တာပါ။ မနေ့က ပို့စ်ထဲက Jambalaya အပြင် မြန်မာဟင်း ၀က်သားနဲ့ ပုန်းရည်ကြီးကိုလည်း လွမ်းနေတာကြောင့် ချက်လိုက်ပါ တယ်။ လောလောလတ်လတ် မြင်းပျံတံဆိပ် ပုန်းရည်ကြီးထုပ်လေးတွေလည်း ရထားတာမို့ ပိုစားချင်စိတ် ပေါက်နေတာလည်းပါပါတယ်။

ဝက်သားဟင်းကို သိပ်ခဏခဏ မချက်ဖြစ်ပေမယ့် ချက်ရင် ၀က်သား ပုန်းရည်ကြီးဟင်း က ခေါင်းထဲကို ဦးဆုံး ရောက်ရောက်လာတတ်ပါတယ်။ ပုန်းရည်ကြီးဆို ရန်ကုန်မှာတုန်းကတော့ သုပ်စား၊ ဟင်းချက်စားတဲ့ အပြင် ကျောင်းဟင်းလို့ ခေါ်တဲ့ အသားဟင်းတစ်မျိုးကို ပုန်းရည်ကြီးနဲ့ရော ကန်စွန်းရွက်တွေ ဘာတွေ ထည့်ပြီး အရည်ဆမ်းစားလို့ရတဲ့ ဟင်းလည်း စားခဲ့ဖူးတာတွေ သတိရမိတယ်။ ကျောင်းဟင်းဆိုတာ တကယ်တော့ ဘုန်းကြီးကျောင်းတွေမှာ ဆွမ်းဟင်းကျန်တာတွေ မလေလွင့်ရအောင် ဖန်တီးထားတဲ့ ဟင်းတစ်ခွက်ထင်ပါတယ်။ ရန်ကုန်မှာတုန်းက သိပ်မမက်မောရင် နေပေမယ့် ခုလို အဝေးရောက်နေချိန်ကျ အဲလိုဟင်းမျိုးလေးတွေကို ကြံကြံဖန်ဖန် တောင့်တနေမိပြန်တယ်။ ချက်ထားတဲ့ ညစာကို တစ်ယောက်ထဲ စားရပြန်တော့ ပုန်းရည်ကြီးကြိုက်တဲ့ မိတ်ဆွေများကို သတိရလို့ ပို့စ်လေး အမြန်တင်လိုက်ပါတယ်နော်။ ၀က်သားမစားတဲ့လူတွေ အတွက်ကတော့ ဟိုတစ်ခေါက်ချက်တဲ့ ကြက်သားဟင်းလေး ပြပါမယ်။ Enjoy! =)

Read More...

Sunday, February 22, 2009

Jambalaya

ဒီနေ့ ချက်စားဖြစ်တဲ့ New Orleans Jambalaya ပါ။ ချက်တယ်ဆိုလို့ အစအဆုံး ပြင်ဆင်ချက်တယ်လို့ မဆိုလိုပါဘူး။ ချက်ဖို့ အဆင်သင့်လာတဲ့ ဘူးလေးကို ဖောက်ပြီး ၀က်အူချောင်းနဲ့ ရောလိုက်တာပါပဲ။ အမြင်အားဖြင့်တော့ ဒန်ပေါက်နဲ့ ခပ်ဆင်ဆင် တူမလားပဲ။ ထမင်း၊ ဟင်းခတ် အမွှေးအကြိုင် အစုံနဲ့ ၀က်အူချောင်းတို့ပါတဲ့ အမေရိကန် တောင်ပိုင်းရဲ့ အစားအသောက် တစ်မျိုးပါ။ ပြင်သစ်၊ စပိန်၊ ကာရီဘီယန်၊ မြေထဲပင်လယ်၊ အမေရိကန်နဲ့ အာဖရိကန် အရသာတွေ ပေါင်းစပ်ထားတဲ့ စားစရာတစ်မျိုးဖြစ်ပါတယ်။ ဒီထမင်းပွဲဟာ ဒန်ပေါက်လိုလို ဘာလိုလိုနဲ့ မြန်မာပါးစပ်မှာ ခံတွင်းတွေ့စေမယ့် အရသာမျိုးရှိတာမို့ စိတ်ကူးပေါက်တဲ့ အခါ ချက်စားဖြစ်လေ့ရှိပါတယ်။

ဒီထမင်းပွဲကို ချက်ရင် ထမင်းကို သပ်သပ်ချက်ပြီးမှ အဆာပလာတွေနဲ့ ရောတာမျိုး မဟုတ်ပဲ အိုးတစ်ခုထဲမှာပဲ အားလုံးပေါင်းစပ် ချက်တဲ့ နည်းကို သုံးရပါတယ်။ ဒီအစားအစာဟာ လူဝီစီယားနားပြည်နယ် နယူးအော်လင်းက ပြင်သစ်တွေကြီးစိုးခဲ့တဲ့ အရပ်က စလူကြိုက်များခဲ့တာပါ။ ဒီနယ်မှာ တိုက်တိုက်ဆိုင်ဆိုင် ပြီးခဲ့တဲ့ တစ်ပါတ်ထဲမှာပဲ မာဒီဂရာပွဲတော်ကို ပျော်ပျော်ပါးပါး ကျင်းပခဲ့ကြတာ သတင်းတွေထဲမှာ တွေ့လိုက်ရပါတယ်။ မာဒီဂရာပွဲတော်ဆိုတာ Ash Wednesday မရောက်ခင် အင်္ဂါနေ့မှာ ကျင်းပတဲ့ ပွဲတော်တစ်ခုပါ။ မာဒီဂရာဆိုတာ ပြင်သစ်လို Fat Tuesday လို့ ခေါ်ပါသတဲ့။ ဒီပွဲတော်ကို အထူးတလည် သိုက်သိုက်မြိုက်မြိုက် ကျင်းပလေ့ရှိတဲ့ နေရာ နှစ်ခုကတော့ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုနဲ့ အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ် နယူးအော်လင်းစ်မြို့တို့ပဲဖြစ်ပါတယ်။ ၀တ်စုံ အဆန်းအပြားတွေ မျက်နှာဖုံးတွေ ပုတီးတွေဝတ်ကြ ဆွဲကြနဲ့ ပျော်ကြ ပါးကြ သောက်ကြ စားကြနဲ့ လမ်းမတွေပေါ်မှာ လမ်းလျှောက်ရင်း ပျော်ကြတဲ့ ဒီပွဲနဲ့ Jambalaya၊ gumbo စတဲ့ အစားအသောက်တွေဟာ ဒွန်တွဲလို့ကို နေပါတယ်။ ကျွန်မကတော့ တစ်နှစ်တစ်ခါ ကျင်းပတဲ့ မာဒီဂရာပွဲတော်ရဲ့ သတင်းတွေကို တွေ့တိုင်း New Orleans Jambalaya ကို ချက်စားဖြစ်လေ့ရှိပါတယ်။ မိတ်ဆွေတို့လည်း စမ်းပြီး ချက်စားကြည့်ချင်ရင် အောက်က လင့်ခ်လေးတွေအတိုင်း ရှာဖွေပြီး ချက်စားကြည့်နိုင်ပါတယ်နော်။
ဝီကီက Jambalaya အကြောင်း - http://en.wikipedia.org/wiki/Jambalaya
မာဒီဂရာ အကြောင်း - http://en.wikipedia.org/wiki/Mardi_Gras
အဆင်သင့် ချက်စရာ Jambalaya - http://www.zatarains.com/
ချက်နည်းများ - http://www.gumbopages.com/food/jambalaya.html

Read More...

Friday, February 13, 2009

ဘာလင်တံတိုင်းနေ့

သူများတွေ ချစ်ကြည်နူးနေကြတဲ့ Valentine's Day က ကျွန်မအတွက်တော့ စနေနေ့တစ်ရက်ထက် သိပ်ပိုမယ် မထင်ပါဘူး။ မိသားစုအပါအ၀င် ချစ်ရသူတွေ အနားမှာ မရှိနေတဲ့ အချိန်တွေဟာ ပျော်သင့်သလောက် ပျော်စရာ မကောင်းသလိုမို့ ဘာလင်က တံတိုင်းကြီးခြားနေသလို ခံစားရလို့ ဘာလင်တံတိုင်းနေ့လို့ ခေါ်ရမလားပဲ။ (အမှန်ကတော့ နောက်နောက်ပြီး ခေါ်ရင်းနဲ့ နှုတ်ကျိုးနေတာပါ။) ပြောရရင် ဒီနေ့ဆို ကိုယ့်မှာ အလုပ်တွေများပြီး ဟိုပြေး ဒီပြေး ဖြစ်နေချိန်မှာ ရုံးမှာ သူများတွေက ပန်းတွေရကြ မိုးပျံ အသည်းပုံ ဘောလုံးတွေ ရကြနဲ့ တော်တော်ကို မျက်စိနောက်လာတယ်။ (မနာလိုတွေဖြစ်နေတယ်လို့ ပြောလည်း မငြင်းပါ။) ဒါပေမယ့် ဟိုတစ်နေ့က သူများဆီမှာ သွားသင်လာတဲ့ ဘာလင်တံတိုင်း အဲ Valentine ကဒ်လေးတွေကို ကြွားချင်လို့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေက ရုံးက အမျိုးသမီးတစ်ယောက်က အလှတံဆိပ်တုံး ကုမ္ပဏီက ကိုယ်စားလှယ်ယူထားတာမို့ ကြော်ငြာရင်း Valentine's Day ကဒ်လေးတွေ လုပ်တာ သင်ပေးမယ်ဆိုလို့ သူ့အိမ်မှာ စုပြီး သွား လေ့လာ ခဲ့ပါတယ်။ အခုနောက်ပိုင်း ဒီက အမျိုးသမီးတွေကြားမှာ ခေတ်စားတဲ့ ၀ါသနာတစ်ခုက scrapbooking လို့ခေါ်တဲ့ မိသားစု ဓါတ်ပုံတွေကို အလှဆင်ပြီး အမှတ်တရ စာအုပ်တွေ လုပ်ကြတာပါ။ အဲဒီဝါသနာနဲ့အတူ အလှ တံဆိပ်တုံးလေးတွေကို သုံးပြီး ကဒ်လေးတွေနဲ့ တခြား လက်မှုပစ္စည်းလေးတွေကို စက္ကူနဲ့ လုပ်ကြတာလည်း ခေတ်စားပါတယ်။ အဲဒီနေ့က စက္ကူလေးကို စိတ်ရှည်လက်ရှည် ဖြတ်ညှပ်ကပ်ပြီး လိုချင်တဲ့ ပုံလေးတွေ ဖော်ရင်း ကဒ်လှလှလေးတွေ လုပ်ကြရတာပါ။ ပျော်စရာ စိတ်ဝင်စားစရာကောင်းပြီး ရလာတဲ့ ကဒ်လေးတွေကလည်း ချစ်စရာကောင်းလှပါတယ်။ သူများကို ပေးရရင်လည်း ကိုယ်တိုင်လုပ်တဲ့ ကဒ်လေးတွေမို့ အချိန်အား လူအား စိုက်ထုတ်ထားတဲ့ ကဒ်လေးတွေမို့ ပိုက်ဆံပေးဝယ်လို့ရတဲ့ ကဒ်လေးတွေထက် ပိုအဖိုးတန်မှာလည်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဖန်တီးမှုစိတ်ကူးတွေ ထူးရင် ထူးသလို သူများနဲ့ မတူ ထူးခြားတဲ့ ကဒ်ပုံလေးတွေကို လည်း ရနိုင်တာပါ။ အဲဒီနေ့က အဲဒီအမျိုးသမီးက သူလုပ်ထားတဲ့ ကဒ်လေးတွေ မျိုးစုံကိုလည်း ခင်းကျင်း ပြထားပြီး ကျွန်မတို့ကိုလည်း ကဒ်လုပ်နည်းလေးတွေ သင်ပေးပါတယ်။ သူ့သင်ပြပေးတာရယ် ကိုယ့်စိတ်ကူးလေးတွေရယ် ပေါင်းစပ်လိုက်တော့ ပြထားတဲ့ ဓါတ်ပုံထဲက ကဒ်လေးတွေ ဖြစ်လာပါတော့တယ်။ ဖဲကြိုးလေးနဲ့က ကဒ်လေးတွေကို ထည့်သိမ်းစရာ စာအိပ်လေးပါ။ ကဒ်လေး ၄ခုကတော့ လိုရာလူ ပေးလို့ရပြီပေါ့။ ဘယ်သူ့ပေးမှာလဲလို့တော့ မမေးပါနဲ့။ ကဒ်လေးတွေက ချစ်စရာကောင်းလို့ ဘယ်သူ့မှ မပေးတော့ဘူးနော်။
ဒီနှစ် ဘာလင်တံတိုင်းနေ့ကတော့ ဗော့ဒ်ကာသောက်ရင်း ဘောလုံးပွဲကြည့်ရတဲ့ စနေနေ့တစ်နေ့ ဖြစ်ဦးမှာ မလွဲပါဘူး။
မှတ်ချက်။ ။ stamping ကို စိတ်ဝင်စားတဲ့သူတွေ အတွက်ကတော့ လေ့လာချင်ရင် Stampin Up! လို့ ခေါ်တဲ့ဆီမှာ ဆက်လေ့လာလို့ ရပါတယ်။

Read More...

Sunday, February 8, 2009

ခရမ်းချဉ်သီးကြော်

ဟိုတလောက မခင်ဦးမေ နဲ့ စီပုံးမှာ စကားပြောရင်း ချက်မယ့် ဟင်းတွေ အကြောင်း ပြောမိကြတယ်။ ခရမ်းချဉ်သီးကြော် ချက်မလို့ အမလို့ဆိုတော့ ဟဲ့ ရန်ကုန်ကလူတွေ ဒါမျိုး မချက်ပါဘူး။ ဘယ်နယ်ကလဲ လို့ မခင်ဦးမေ ကမေးပါတယ်။ ကျွန်မကတော့ ရန်ကုန်ကပါ။ ဒါပေမယ့် မိဘဆွေမျိုး လူကြီးတွေက အညာဘက်မှာ မွေးဖွားကြီးပြင်းခဲ့သူတွေမို့ အိမ်မှာ ချက်တဲ့ ဟင်းတွေက အညာဆန်ဆန်တွေ ပါတတ်ပါတယ်။ ဒီနေ့တော့ အညာချက်လေး ချက်ကြစမ်းပါအေလို့ ပြောတတ်တဲ့ အဘွားရဲ့ စီမံမှုအောက်က ဟင်းတွေနဲ့ ကျွန်မတို့ ကြီးပြင်းလာခဲ့ကြရတာပါ။ အဘွားစီမံတဲ့ တစ်ချို့ဟင်းတွေက ဘာနဲ့မှ မလဲနိုင်အောင် ကြိုက်သလို တစ်ချို့ဟင်း တွေကိုတော့ မုန်းလောက်အောင် ငြီးငွေ့ခဲ့ရပါတယ်။ အခုလို အိမ်နဲ့ အဝေးမှာ ရောက်နေတဲ့ အချိန်တွေကျတော့ အိမ်က ဟင်းအရသာလေးတွေကို လွမ်းနေရင် ဘယ်မှာမှ ၀ယ်မရ ရှာရပါဘူး။ တစ်အိမ်နဲ့ တစ်အိမ် လက်ရာတွေကလည်း ကွာကြတာဆိုတော့ ဟင်းနာမည်တူတောင် လက်ရာက ကွဲနေကြပြန်ပါတယ်။ အဲဒါကြောင့် ကျွန်မ ဒီကို ထွက်လာတော့ ကျွန်မ ချစ်တဲ့ အဒေါ်က ကျွန်မကြိုက်တဲ့ ဟင်းလေးတွေကို ဗလာစာအုပ်လေးထဲမှာ ကိုယ်တိုင် ရေးပေးလိုက်ပါတယ်။ အဲဒီဟင်းတွေထဲမှာ မကြာခဏ ချက်ဖြစ်တဲ့ ဟင်းတစ်မျိုးကတော့ စောစောက ပြောခဲ့တဲ့ ခရမ်းချဉ်သီးကြော်ဆိုတာပါပဲ။ အညာဟင်းလား ဘာလားတော့ သေချာ မသိပေမယ့် အိမ်မှာချက်တိုင်း မက်မက်မောမော စားနေကျ ဟင်းလေးတစ်ခွက်ပါ။ အသားငါးတွေ အထူးတလည် မပါရင် နေပါစေ အရသာရှိတဲ့ ဒီလိုဟင်းလေးနဲ့ဆို ထမင်း အင်မတန် မြိန်ပါတယ်။ ဒါ့ကြောင့် မချက်ဖူးသေးတဲ့ သူတွေရှိရင်လည်း ချက်စားကြည့်ရအောင် ချက်နည်းလေးနဲ့ ပုံလေးတွေ တင်ပေးလိုက်ပါတယ်နော်။

ခရမ်းချဉ်သီးကြော်

- ခရမ်းချဉ်သီး တစ်ပေါင် ခန့် ကို သေးသေးစိပ်ပါ။
- ကြက်သွန်နီ ၂ ဥ ခန့် ကြက်သွန်ဖြူ ၁ဥ ခန့်ကို ထောင်းပြီး ဆီ ထမင်းစားဇွန်း ၁၀ဇွန်းခန့်ဖြင့် ဆီသတ်ပါ။ ( စပ်တဲ့ အနံ့ မွှေးချင်လို့ ကျွန်မကတော့ ဒီမှာဝယ်လို့ရတဲ့ ငရုတ်သီးစိမ်းတောင့်ကြီးတွေကို ထည့် ဆီသတ် လိုက်ပါတယ်။ )
- မွှေးပြီး ကြက်သွန်များ နွမ်းလာလျှင် စိပ်ထားသော ခရမ်းချဉ်သီးများကို ထည့်ပါ။
- ဆားနည်းနည်း၊ ဆနွမ်းနည်းနည်း၊ ပုစွန်ခြောက်မှုန့် ဇွန်းကြီး ၂ဇွန်းခန့်ထည့်မွှေပါ။
- ခရမ်းချဉ်သီးများလိပ်လာလျှင် ငါးပိနု ဆီးဖြူသီးခန့်ထည့်ပါ။ (ငန်တာ ကြောက်မကြောက် အပေါ်မူတည်ပြီး လိုတိုး ပိုလျှော့လုပ်လို့ရပါတယ်။ ငါးပိမရှိရင် ငံပြာရည် နည်းနည်းထည့်လို့ရတယ်လို့ အဒေါ်ကပြောပါတယ်။)
- ဆီပြန်လျှင် မီးဖိုပေါ်မှ ချလို့ရပါပြီ။
- နံနံပင်လေး အပေါ်က အုပ်ပြီး စားချင့်စဖွယ် ပြင်ဆင်နိုင်ပါတယ်။

ကဲ.. ချက်ရတာ လွယ်ကူပြီး စားလို့ အင်မတန်ကောင်းတဲ့ ခရမ်းချဉ်သီးကြော်လေး ရပါပြီ။ ချက်စားကြည့်ဖြစ်တဲ့ သူတွေလည်း လာပြန်ကျွေးဖို့ မမေ့ကြနဲ့နော်။း)
မကေရဲ့ ကွန်မင့်ဖတ်ပြီးမှ ရေးဖို့ ကျန်ခဲ့တာ သတိရတယ်။ မကေပြောသလိုပဲ လိပ်ပြီး ခြောက်ခြောက်လေး ကြော်ရင် ပိုတောင် စားကောင်း ပါတယ်။ မိတ္တီလာဘက်က အမျိုးတွေလာလည်လို့ အဲလို သေသေချာချာလေး ကြော်ပေးရင်များ စားလို့အင်မတန် ကောင်းတာကို မှတ်မိနေတယ်။

Read More...