Sunday, August 30, 2009

The Contemplation of a Work Slave

စားဖို့အတွက် အလုပ်လုပ်ကြရသတဲ့
အစားတစ်လုပ်အတွက်
နေ့နေ့ညည
အလုပ်တွေလုပ်ကြ
စားလိုက်ကြ
သောက်လိုက်ကြ
အောင်ပွဲတွေ ခံလိုက်ကြ
တရေးနိုးထတော့
အလုပ်တွေ ပိုလုပ်လိုက်ကြ
စားကြသောက်ကြ
....................
ဒီလိုနဲ့
ကုန်လာတဲ့ အချိန်တွေ ပြန်ကြည့်လိုက်တော့
..အလို..
အလုပ်က ငါ့ကို ပြန်စားနေပြီ။


ကျွန်မ အလုပ်များနေတယ်လို့ ပြောပြောနေတာ ကြာတောင်နေပါပြီ။ အလုပ်က နားရက်လေး ရနိုးရနိုးနဲ့ နေလာလိုက်တာ လနဲ့သာ ချီလာတယ် ခုထိ သေသေချာချာ ခွင့်မယူနိုင်သေးဘူး။ မိုးလင်းကနေ မိုးချုပ် အလုပ်နဲ့အိမ်ကလွဲလို့ ဘာမှမလုပ်နိုင် ဘယ်မှ မသွားနိုင်တာ တော်တော် ကြာခဲ့ပါပြီ။ တခါတလေ စနေနေ့ တောင် အလုပ်သွားလုပ်ရတတ်သေးတယ်။ နားဦးလေ တို့ ဟောလီဒေးမသွားဘူးလားတို့ ဗကေးရှင်း ယူဦးလေ တို့ ပြောရင် မချိပြုံးပြုံးရုံကလွဲလို့ ဘာမှပြန်မပြောတော့ပါဘူး။ ရုံးမှာ system conversion တစ်ခု လုပ်ထားခါစမို့ ဘယ်သူမှ ဗကေးရှင်းလည်း မသွားနိုင် ခွင့်ယူဖို့တောင် အနိုင်နိုင်ဖြစ်နေကြပါတယ်။ အရေးထဲ စီးပွားရေးကျပ်တည်းတဲ့ ကာလ မို့ အကူထပ်ခေါ်ခန့်ဖို့ကလည်း ဘတ်ဂျက်မရှိကြပြန်ပါဘူး။ အဲဒီအခြေအနေထဲမှာ တာဝန်ယူတတ်တဲ့လူတွေက ပိုပင်ပန်းနေကြပြီး အချိန်တန် ၅နာရီဒေါင်ဆို အိမ်ပြန်ရမှဆိုတဲ့ လူတွေကလည်း ပြန်ဆဲပါပဲ။ အလုပ်ကို စိတ်အားလူအားထည့်ပြီး လုပ်တတ်တဲ့ ကျွန်မလည်း လူရော စိတ်ပါ တော်တော်ကို ပင်ပန်းနေပါပြီ။ အလုပ်လောဘကြီးတာကိုးလို့ ပြောရင် ကြီးချင်လို့ ကြီးတာမဟုတ်ဘူးဟေ့ လို့ ပြန်ပြောလိုက်ချင်ပါတယ်။ တစ်ရက်ခွင့်ယူလိုက်ရင် ပုံနေတဲ့ အလုပ်တွေက မနည်းဘူးမို့ ခွင့်ယူဖို့တောင် ခပ်ကြောက်ကြောက်ဖြစ်နေပါတယ်။ ကိုယ့်အတွက်လည်း သူများက ၀င်ကူ လုပ်ပေးရအောင်လည်း သူတို့ ဘာသာ သူတို့တောင် အနိုင်နိုင်ဖြစ်နေကြတာမို့ ဘယ်သူ့ကိုမှ တာဝန်ပို မပေးချင်တာလည်း ပါပါတယ်။ ရုံးနဲ့ အိမ် အိမ်နဲ့ရုံးကြားမှာ ပတ်ဝန်းကျင်က သဘာဝအလှတွေလည်း မခံစားနိုင်၊ စာလည်း မရေးနိုင်မဖတ်နိုင်၊ ပန်းချီလည်း မဆွဲနိုင်၊ လုပ်ချင်တာတွေ မလုပ်နိုင် ဖြစ်နေတာ ကြာလာတော့ မွန်းကျပ်လာ ပါတယ်။ တစ်ခါတလေ ရုံးကပြန်လာရင် မောလွန်းလို့ အီးမေးလ်မစစ်၊ ဖုန်းမကိုင်နဲ့ ဆက်သွယ်မှု ဧရိယာ ပြင်ပကို တမင်ကို ထွက်ထွက်နေမိတတ်လာတယ်။ ထီပေါက်ရင် အလုပ်ထွက်မယ်ဆိုပြီး mega millions jackpotများ ပေါက်လေမလားလို့ ထီလည်း အပါတ်စဉ် ထိုးနေ ပါတယ်။ (ထီပေါက်မှ အလုပ်ထွက်ပြီး ကမ္ဘာတစ်ပတ် ခရီးထွက် လျှောက်လည်ပစ်လိုက်မယ်။ :P ) အလုပ်ရဲ့ ကျွန်ဖြစ်လာနေတဲ့ ကိုယ့်ကိုယ်ကို သတိပေးရင်း ဒီကဗျာလေးကို ရေးမိလို့ ဒီပို့စ်ကို တင်ဖြစ်တာပါ။ ခင်မင်ရတဲ့သူများကို မနှုတ်ဆက်မိ မနှုတ်ဆက်နိုင်သေးရင် ခွင့်လွှတ်စေချင်ပါတယ်။
ဘလော့မိတ်ဆွေများကို သတိရလျှက် -
အလုပ်ကျွန်ဘ၀က ရုန်းထွက်ရန် ကြိုးစားနေသော ရွှေဂျမ်း

Read More...

Tuesday, August 25, 2009

အချိန်တန်ရင်

ဘာဂါတွေ ပီဇာတွေ ဘယ်လိုစားစား အချိန်တန်တော့ အိမ်ထမင်းဟင်းနဲ့ မုန့်ဟင်းခါးကို တောင့်တမိတာ အမြဲပဲ။

ဘောင်းဘီ စကတ်တွေ ဘယ်လိုဝတ်ဝတ် အချိန်တန်တော့ ကချင်လုံချည်တစ်ထည် ၀တ်ရတာလောက် ဂုဏ်မယူမိတာ အမှန်ပါ။

လှပတဲ့ ကမ်းရိုးတန်းနဲ့ ၀မ်းအိုဝမ်းလမ်းကို ဘယ်လောက်သွားသွား အချိန်တန်တော့ အညာလမ်းဘေးက တောင်တန်းတွေကို လွမ်းမိပြန်တယ်။

ရေဒီယို စီဒီ သီချင်းတွေ ဘယ်လိုများများ အချိန်တန်တော့ တမ်းတမိတာ ဆည်းလည်းသံ ဖြစ်ဖြစ်နေတယ်။

မရောက်ဖူးတဲ့နေရာတွေ ဘယ်လို သွားသွား အေးချမ်းတဲ့ ရွှေတိဂုံဘုရားရိပ်ဆီကို ပြေးသွားလိုက်ချင်တယ်။

လုံခြုံ တဲ့ အိမ်ထဲမှာ ပြည့်စုံစွာ နေနိုင်ပေမယ့် အချိန်တန်တော့ ဖယောင်းတိုင်မီးရောင်အောက်က မိသားစုစကားဝိုင်းတွေကို သတိရနေမိတယ်။

ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တာကို အင်မတန်ဂုဏ်ယူတဲ့ အမေ့သမီးလေ ....
ကမ္ဘာအနှံ့ ခရီးဆန့်နေနိုင်လည်း အချိန်တန်ရင်တော့ အိမ်ပြန်ချင်တယ် အမေ။


မှတ်ချက် - ၀မ်းအိုဝမ်း = 101
အိမ်ကို လွမ်းလို့ ရေးမိတာလေးပါ။ မအားလို့ ဘာမှ အသစ်လည်း မရေးနိုင်၊ မိတ်ဆွေများနဲ့လည်း စကားမပြောနိုင်တာ ခွင့်လွှတ်ပါ။ တက်ဂ် ထားတာကို ခုထိ မရေးပေးရသေးလို့ အမ မခင်မင်းဇော်ကိုလည်း တောင်းပန်ချင်ပါတယ်။

Read More...